Written by Scholarship Announcements
ဒီနှစ်တွေထဲမှာ ပညာသင်သွားချင်တဲ့လူငယ်တွေကြားထဲ သိသိသာသာလူပြောများလာတဲ့နိုင်ငံကတော့ ဂျပန်နိုင်ငံပါပဲ။ သူပြီးရင် တောင်ကိုရီးယားပေ့ါ။ အရင်ကတော့ အမေရိကန်၊ ဗြိတိန် ၊ သြစတျေးလျ၊ စင်ကာပူ၊ ကနေဒါ စတဲ့နိုင်ငံတွေကို အများဆုံးကြားခဲ့ရပြီး အခုနောက်ပိုင်းမှာတော့ ဂျပန်နိုင်ငံက လူပြောအများဆုံး ဖြစ်နေတာတွေကို တွေ့ရပါတယ်။
နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အခြေခံပညာပြီးသွားရင် ဂျပန်နိုင်ငံမှာ ပညာဆက်လက်သင်ကြားဖို့ ရွေးချယ်စရာ (၅) လမ်းရှိပါတယ်။
(1) Colleges of technology ၊ (2) Professional training colleges ၊ (3) Junior colleges ၊ (4) Universities (Bachelor programs) နဲ့ (5) Graduate schools (Master & PhD programs) ကျောင်းတွေပဲဖြစ်ပါတယ်။ ကျောင်းတွေကတော့ အစိုးရတက္ကသိုလ်/ကောလိပ်၊ ပုဂ္ဂလိကတက္ကသိုလ်/ကောလိပ်၊ ဒေသန္တရကောလိပ်မျိုးတွေပါ။
ဂျပန်နိုင်ငံက ပညာသင်စရိတ်များ
အဆင့်မြင့်ပညာအတွက် ပညာသင်ကာလကြာချိန်တွေကတော့ အနည်းဆုံး (၂) နှစ်ကနေ ကိုယ်တက်ရောက်တဲ့ တက္ကသိုလ်၊ Level အလိုက် (၅) နှစ်လောက်အထိ ကြာနိုင်ပါတယ်။ ဆိုလိုတာကတော့ ဂျပန်နိုင်ငံမှာ တက္ကသိုလ်တက်မယ်ဆိုရင် Professional training school တွေမှာ Diploma သင်တန်းတစ်ခုက အနည်းဆုံး (၂) နှစ်ကြာပြီးတော့ ဘွဲ့ကြိုတက္ကသိုလ်ဆိုရင် (၄) နှစ်ကနေ (၆) နှစ်{ဆေးပညာ} ကြာနိုင်ပါတယ်။ ပညာသင်နှစ်ကတော့ နှစ်စဉ် ဧပြီမှာစပါတယ်။
မြန်မာနိုင်ငံက လူငယ်အများစုသွားကြတဲ့ Japanese Language School တွေရဲ့ ကုန်ကျစရိတ်ကတော့ တစ်နှစ်ကို ယန်း ၆သိန်းကျော်ကနေ ၁၀ သိန်းကျော်၊ မြန်မာငွေနဲ့ဆို အနည်းဆုံး ကျပ်သိန်း (၁၀၀) ဝန်းကျင်ကနေစပါတယ်။ ဒါကြောင့် Professional training school တွေမှာ Diploma တစ်ခုအတွက်ကုန်ကျစရိတ်က ယန်း ၈သိန်းခွဲဝန်းကျင်၊ မြန်မာကျပ်ငွေသိန်း (၁၃၀) ဝန်းကျင်ရှိပါတယ်။

ဘွဲ့ကြိုတက္ကသိုလ်တန်းအတွက်ဆိုရင် ပညာသင်နှစ်တစ်နှစ်စာ ခန့်မှန်းခြေကျပ်သိန်း ၁၅၀ ကနေစနိုင်ပါတယ်။ ဘာသာရပ်နဲ့ ရွေးချယ်တဲ့တက္ကသိုလ်ပေါ်မူတည်ပြီး ဒီထက်ပိုပြီးကုန်ကျစရိတ်များပါတယ်။ ဒီလိုကုန်ကျစရိတ်များလွန်းလို့ ကျောင်းသား၊ ကျောင်းသူအများစုက ပညာသင်ဆုဝင်အောင် ကြိုးစားကြတာလည်း မဆန်းပါဘူး။ ဒါတောင် ပညာသင်စရိတ်ပဲရှိပါသေးတယ်။ နေထိုင်စားသောက်စရိတ်တွေ အခြားကုန်ကျစရိတ်တွေ မပါသေးပါဘူး။
ဂျပန်ပညာသင်ဆုအစီအစဉ်များ
ကုန်ကျစရိတ်များလွန်းလို့ ပုံမှန်ကျောင်းသား၊ ကျောင်းသူတွေအတွက် ကိုယ့်စရိတ်နဲ့ကိုယ် ကျောင်းတက်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါကြောင့် မြန်မာကျောင်းသား၊ ကျောင်းသူတွေအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံက ကျောင်းသား၊ ကျောင်းသူအများစုက ဂျပန်နိုင်ငံက ပညာသင်ဆုတွေကိုရှာဖွေကြရပါတယ်။ အများဆုံးလျှောက်ကြတဲ့ ဂျပန်ပညာသင်ဆုကတော့ ဂျပန်အစိုးရရဲ့ MEXT Scholarships ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက MEXT Program နဲ့ပတ်သက်ပြီး စဉ်ဆက်မပြတ်တင်ပေးနေတာမို့ စိတ်ဝင်စားသူများ အမြဲစောင့်ကြည့်နေသင့်ပါတယ်။
JASSO Scholarships ဆိုတဲ့ ပညာသင်ဆုအစီအစဉ်တစ်ခုတော့ရှိပါတယ်။ ဒါပေမဲ့သူက Exchange students တွေအတွက် သီးသန့်ထောက်ပံ့ပေးတဲ့အစီအစဉ်တစ်ခုပါ။ ဂျပန်နိုင်ငံမှာ Short-term ပညာသင်ကြားခွင့်ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ထောက်ပံ့ပေးတာဖြစ်ပြီး ဂျပန်တက္ကသိုလ်နဲ့သက်ဆိုင်ရာ နိုင်ငံကတက္ကသိုလ်တစ်ခုခုနဲ့ တိုက်ရိုက်ချိတ်ဆက်ထောက်ပံ့တဲ့အစီအစဉ်ဖြစ်ပါတယ်။
နောက်ပညာသင်ဆုအစီအစဉ်ကတော့ Local Governments နဲ့ Local International Associations က ဒေသအစိုးရနဲ့ အဖွဲ့အစည်းတွေကထောက်ပံ့ပေးကြတဲ့ အစီအစဉ်ပါ။ ဂျပန်နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ဒေသအစိုးရစာရင်းက အများကြီးဖြစ်တဲ့အတွက် List ကို Download ဆွဲပြီး ဖတ်ကြည့်ပေးပါ။ [Local Governments & Local International Associations List]
ဒါတင်မကသေးပါဘူး ပုဂ္ဂလိကဖောင်ဒေးရှင်းတွေကပေးတဲ့ ပညာသင်ဆုအစီအစဉ်တွေလည်း အများကြီးရှိပါတယ်။ မြန်မာကျောင်းသား၊ ကျောင်းသူတွေနဲ့ မရင်းနှီးသေးတဲ့ ဖောင်ဒေးရှင်းတွေလည်း ရှိပါတယ်။ အသေးစိတ် List ကို Download ဆွဲပြီး သိမ်းထားပါ။ ကိုယ်နဲ့ ကိုက်ညီတဲ့ ဖောင်ဒေးရှင်းတွေ့ရင် ဆက်သွယ်ရမယ့် လိပ်စာတွေလည်း ပါပါတယ်။ [Scholarship Lists by Private Foundations-Part 1] [Scholarship Lists by Private Foundations-Part 2]
အာရှကကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးနေတဲ့ အခြားပြင်ပကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေလည်း ရှိပါသေးတယ်။ အသေးစိတ်ကို ဒီ Study in Japan Link ထဲမှာ ကြည့်နိုင်ပါတယ်။ [Study in Japan]

ဒီလောက်ဆိုရင်တော့ ဂျပန်နိုင်ငံရဲ့ပညာရေးစနစ်အကြောင်း အနည်းငယ်သိရှိသွားလောက်ပြီလို့ ထင်ပါတယ်။ ကျောင်းဝင်ခွင့်သတ်မှတ်ချက်တွေနဲ့ လိုအပ်ချက်တဲ့စာရွက်စာတမ်း အချက်အလက်အသေးစိတ်ကိုတော့ သက်ဆိုင်ရာတက္ကသိုလ်တွေ၊ ပရိုဂရမ်တာဝန်ရှိသူတွေ၊ ဝန်ဆောင်မှုအေဂျင်စီတွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။