မြန်မာနိုင်ငံအပါအဝင် အင်ဒိုပစိဖိတ်နိုင်ငံတော်တော်များများကနေ လျှောက်ထားနိုင်တဲ့ သြစတြေးလျ အစိုးရပညာသင်ဆု အစီအစဉ်က မကြာခင်မှာပဲ ၂၀၂၃ ခုနှစ်အတွက် လျှောက်လွှာတွေ စတင်လက်ခံပေးပါတော့မယ်။ ခါတိုင်းနှစ်တွေအတိုင်းဆိုရင်တော့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ မေလ (၃၁)ရက်နေ့အထိ လျှောက်လွှာများကို လက်ခံပေးမှာပါ။
Australia Awards Scholarships အတွက် ဘယ်သူတွေလျှောက်ထားနိုင်လဲဆိုရင် ဘွဲ့ကြိုနဲ့ ဘွဲ့လွန်သင်တန်း နှစ်မျိုးအတွက်လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားသူတွေထဲက ပညာသင်ဆုရခဲ့ရင် သြစတြေးလျအစိုးနဲ့ စာချုပ်ချုပ်ဆိုဖို့လိုပါတယ်။ ဒီစာချုပ်ထဲမှာ ပညာသင်ဆုပြီးတဲ့အချိန် အနည်းဆုံး နှစ်နှစ်အတွင်း နိုင်ငံကပြန်ထွက်ခွာရမယ့်အချက်နဲ့ ပညာသင်ဆုရတဲ့ကာလအတွင်းမှာ စာမေးပွဲကျရှုံးခဲ့ရင် ပညာသင်ဆုရထားတဲ့ပမာဏကို လျော်ကြေးပြန်ပေးရမယ်ဆိုတဲ့အချက်လည်း ပါပါလိမ့်မယ်။
Australia Awards Scholarships ပညာသင်ဆု
ပညာသင်ဖို့လိုအပ်တဲ့အလုံးစုံနီးပါးကို သြစတြေးလျအစိုးရက ကုန်ကျခံပေးမှာဖြစ်လို့ ကျောင်းလခ၊ လေယာဉ်အသွားအပြန်စရိတ်၊ ကျောင်းသုံးကုန်ကျစရိတ်၊ နေထိုင်စရိတ်၊ IAP ကုန်ကျစရိတ်၊ ကျန်းမာရေးစရိတ်၊ Pre-course English (PCE) စရိတ်၊ Master နဲ့ PhD အတွက်ဆိုရင် field ကုန်ကျစရိတ်အထိပါ ပံ့ပိုးမှုရမှာပါ။
ဘယ်လိုလူတွေလျှောက်လို့ရမလဲ
သြစတြေးလျနိုင်ငံမှာ ဘွဲ့ကြိုတက္ကသိုလ်သွားတက်ချင်တဲ့သူတွေ၊ မြန်မာနိုင်ငံကနေ ဘွဲ့တစ်ခုခုရပြီးလို့ သို့မဟုတ် ဂုဏ်ထူးတန်း၊ မာစတာဘွဲ့ပြီးလို့ Next level ပညာဆက်သင်ချင်တဲ့သူတွေ လျှောက်ထားလို့ရပါတယ်။ ကျား ၊ မ ခွဲခြားထားတာ၊ လူမျိုးရေးခွဲခြားထားတာ မရှိပါဘူး။ ဒါပေမဲ့ သြစတြေးလျအစိုးရရဲ့ဦးစားပေးဘာသာရပ်တွေပဲ လျှောက်ထားနိုင်ပါမယ်။ ဥပမာ ပိုင်းလော့၊ နျူကလီးယား နည်းပညာ၊ စစ်ပညာနဲ့ပတ်သက်တဲ့ဘာသာရပ်တွေကိုတော့ လျှောက်ထားလို့မရပါဘူး။ ကိုယ့်နိုင်ငံဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ဘာသာရပ်မျိုးတွေပဲ လျှောက်ထားလို့ရပါမယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံအတွက် အကျုံးဝင်တဲ့ဘာသာရပ်တွေကို ပြောပြပေးချင်ပါတယ်။ ပညာရေး ၊ သဘာဝပတ်ဝန်းကျင်၊ ဆေးပညာ၊ လူ့အခွင့်အရေးနှင့် ကျား မတန်းတူညီမျှရေးဆိုင်ရာ ဘာသာရပ်များ၊ ကုန်သွယ်ရေးနဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး စတဲ့ကဏ္ဍကြီးတွေနဲ့ပတ်သက်တဲ့ ဘာသာရပ်တွေကိုပဲ လျှောက်ခွင့်ပေးပါတယ်။
လျှောက်လွှာတင်ချိန်မှာ IELTS/ TOEFL ရမှတ်မလိုသေးပေမယ့် အရွေးခံရတဲ့ချိန်မှာ အင်တာဗျူးမတိုင်ခင် IELTS/ TOEFL ရမှတ်တွေလိုပါမယ်။ သြစတြေးလျတက္ကသိုလ်တွေရဲ့ IELTS လိုအပ်ချက်က တခြားတက္ကသိုလ်တွေထက်စာရင် မြင့်ပါတယ်။ IELTS ဆိုရင် အနည်းဆုံး band 6.5 နဲ့အထက်ရှိနေဖို့ လိုအပ်ပါမယ်။ တက္ကသိုလ်ကောင်းကောင်းလျှောက်ရင် ရမှတ်မြင့်မြင့်ပိုလိုပါလိမ့်မယ်။ ကြိုပြောချင်ပါတယ် အပြိုင်အဆိုင်အရမ်းများပါတယ်။
ဘယ်လိုလျှောက်ထားမလဲ
အဓိကလျှောက်လွှာလက်ခံတဲ့နေရာကတော့ အွန်လိုင်းစနစ်နဲ့ပါ။ အွန်လိုင်းလျှောက်လွှာတွေကို လျှောက်လို့ရမယ့် Website ပါ>> OASIS (Link နှိပ်ပါ။ လျှောက်လွှာဖွင့်ချိန်မှ စလျှောက်လို့ရမှာပါ)။ အွန်လိုင်းကနေလျှောက်ဖို့ အခက်အခဲရှိတဲ့သူတွေအတွက် လျှောက်လွှာနဲ့ထောက်ခံစာကို Mail နဲ့ပို့ပေးပြီး လျှောက်လို့ရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးဘက်က AAS program နဲ့ပတ်သက်ပြီး ဒီ Mail>> inquiries@australiaawardsmyanmar.org (www.australiaawardsmyanmar.org) မှာ စုံစမ်းမေးမြန်းနိုင်သလို ပညာသင်ဆုနဲ့ပတ်သက်တဲ့ကြေညာချက်တွေကိုလည်း website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
လျှောက်လွှာတင်ချိန်မှာ အဓိကလိုအပ်တာကတော့ NRC ၊ တက္ကသိုလ်ဘွဲ့လက်မှတ်၊ တက္ကသိုလ်အမှတ်စာရင်း၊ IELTS / TOEFL / PTE ဖြေထားပြီးသားဆိုရင် အမှတ်စာရင်းပါတစ်ပါတည်း တွဲတင်ပေးရပါမယ်။ ပြီးရင်တော့ ထောက်ခံစာ (၂) စောင်လိုပါမယ်။
အသေးစိတ်ထပ်မံသိရှိလိုတာတွေကို Australia Awards Myanmar တာဝန်ရှိသူတွေဆီ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။
Australia Awards Myanmar
Room no. 703, Tower B, Myawaddy Bank Luxury
Complex, Lanmadaw Township
Yangon, Myanmar
Telephone: 0 1 230 1341