ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းအရင်းတစ်ခုခုကြောင့် လုပ်အားပေးလုပ်ချင်လို့ပဲဖြစ်ဖြစ် ဘယ်လိုရည်ရွယ်ချက်နဲ့မဆို ကမ္ဘာ့နေရာအနှံ့အပြားမှာ ကုလသမဂ္ဂရဲ့တရားဝင်လုပ်အားပေးတစ်ယောက်အနေနဲ့ ဝင်ရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားသူတွေအတွက် UN Volunteer Programme အကြောင်း နည်းနည်းမျှဝေပေးချင်ပါတယ်။
ဒီအစီအစဉ်ကို အထက်တန်းအောင်မြင်ပြီး (သို့) ဘွဲ့ရပြီးသူတွေထဲက အင်္ဂလိပ်၊ ပြင်သစ်၊ အာရေဗျနဲ့ စပိန်ဘာသာစကားတစ်ခုခုကို ရေးနိုင်၊ ပြောနိုင်ပြီး အတွေ့အကြုံရှိသူတွေလျှောက်ထားနိုင်ပါတယ်။ လုပ်အားပေးကာလကတော့ အနည်းဆုံး (၆)လ ကနေ အများဆုံး (၁) နှစ်အထိကြာပါတယ်။ Paid program မို့ လုပ်အားပေးအနေနဲ့ဝင်ခွင့်ရပြီဆိုတာနဲ့ လေယာဉ်လက်မှတ်ကစ နေ့စဉ်အသုံးစရိတ် ၊ နေထိုင်စရာနေရာ၊ အာမခံတွေလည်း ရရှိမှာပါ။ လုပ်အားပေးလုပ်ဖို့ တကယ်စိတ်ဝင်စားတဲ့သူတွေ၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုမတူတဲ့ဒေသမှာ လိုက်လျောညီထွေစွာနေတတ်တဲ့သူတွေနဲ့ အသစ် အသစ်သောအတွေ့အကြုံတွေကို လေ့လာရတာကြိုက်တဲ့သူတွေပဲ လျှောက်စေချင်ပါတယ်။
ကျွန်မဖတ်ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာဆိုရင် အမေရိကန်ပြည်ထောင်စုက အထက်တန်းပြီးတဲ့ကျောင်းသား၊ ကျောင်းသူတချို့က တက္ကသိုလ်ဆက်မတက်သေးဘဲ မက္ကစီကိုတို့လို၊ အာဖရိကတို့လိုနေရာတွေကိုသွားပြီး လုပ်အားပေးလုပ်ငန်းတွေလုပ်ရင်းနဲ့ ဘဝအတွေ့အကြုံတွေကို ရှာဖွေကြတယ်လို့သိရပါတယ်။ လုပ်အားပေးလုပ်နေတဲ့အချိန်ကြုံခဲ့ရတဲ့ အတွေ့အကြုံ၊ ပညာတွေပေါ်မူတည်ပြီး ဘယ်အထူးပြုဘာသာရပ်ကိုလေ့လာမလဲဆိုတာဆုံးဖြတ်ပြီး သူတို့ဘဝကို သူတို့ကိုယ်တိုင်ရှာဖွေကြပါတယ်။ တကယ်တော့ လုပ်အားပေးလုပ်တယ်ဆိုတာက အကျိုးအမြတ်တစ်ခုခုကြောင့် လက်မှတ်ရရုံ၊ recommendation ရရုံတစ်ခုတည်းမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ရှာဖွေဖို့အတွက် အကောင်းဆုံးအဖြေတစ်ခုဆိုလည်း ဟုတ်ပါတယ်။ အကျိုးအမြတ်တစ်ခုတည်းအတွက်ဆိုရင်လည်း ရေရှည်တောင့်ခံနိုင်ဖို့က မလွယ်ကူပါဘူး။
UN Volunteer အစီအစဉ်က ကမ္ဘာတစ်ဝှမ်းမှာ လိုအပ်နေတဲ့နေရာတွေ အများကြီးရှိပါတယ်။ တချို့နေရာတွေကတော့ International volunteer ခေါ်ပါတယ်။ တချို့ကတော့ သူတို့နိုင်ငံသားတွေထဲက ပြန်ခေါ်တာလည်းရှိပါတယ်။ မြန်မာနိုင်ငံထဲမှာလည်း ခေါ်နေတဲ့ Volunteer အလုပ်တွေရှိပါတယ်။ သူတို့က ကိုယ့်ပညာအရည်အချင်း ၊ အတွေ့အကြုံနဲ့ လုပ်ရည်ကိုင်ရည်ကိုကြည့်ပြီး လိုအပ်တဲ့နေရာတွေမှာ လက်ခံပေးပါတယ်။ Local နဲ့ International မှာ ဘယ်လိုလစ်လပ်နေရာတွေရှိလဲဆိုတာသိချင်ရင်တော့ ဒီနေရာကနေ ရှာနိုင်ပါတယ်။ (https://www.unv.org/become-volunteer/volunteer-abroad)
နှစ်တိုင်း UN မှာလုပ်အားပေးလုပ်ကြတဲ့လူပေါင်း ၈၀၀၀ ကျော်ရှိပြီး နိုင်ငံပေါင်း ၁၆၀ လောက်ကနေလာကြတာ ဖြစ်ပါတယ်။ UN Volunteer Programme အကြောင်းအသေးစိတ်ထပ်မံသိချင်တာရှိရင်တော့ ဖော်ပြပါ Link တွေကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.unv.org/how-register-our-global-talent-pool
https://www.unv.org/
https://careers.un.org/lbw/Home.aspx