လူတိုင်းစာရေးဖူးကြတာပဲ။ ဒါပေမဲ့ ကိုယ်ရေးတဲ့စာတွေက ဘာကြောင့်လူစိတ်ဝင်စားမှုနည်းနေတာလဲ…။
ဒါမျိုး လူတိုင်းကြုံဖူးကြမှာပါ။ ကိုယ့်ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ်တင်တဲ့အကြောင်းအရာတွေက လူစိတ်ဝင်စားမှုနည်းတာ၊ ကိုယ်ရေးတဲ့ပညာသင်ဆုအက်ဆေးက အားနည်းချက်တွေများနေတာ၊ ဘာစာပဲရေးရေး အချိတ်အဆက်မမိဘဲ ဟာကွက်တွေ ဟိုတစ်ကွက်၊ ဒီတစ်ကွက်ရှိနေတာ ဒီအချက်တွေက ကိုယ့်မှာ စာအရေးအသားပိုင်း အားနည်းနေရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်တွေပါ။
အရေးအသားနဲ့ပတ်သက်ရင် ကျွန်မကိုယ်တိုင်ကလည်း ပညာရှင်တစ်ယောက်မဟုတ်တဲ့အတွက် လူတစ်ယောက်ချင်းစီမှာရှိနေတဲ့ အားနည်းချက်တွေကို အသေးစိတ်ကျကျ ချက်ကျလက်ကျနဲ့ လိုက်မပြင်ပေးနိုင်ပေမယ့် အခြေခံစာရေးသားနည်းနဲ့ပတ်သက်ပြီးတော့ အသုံးဝင်မယ့် အချက်အလက်တွေကိုတော့ အနည်းအကျဉ်းပြောပြပေးနိုင်ပါတယ်။
ကျွန်မအတွေ့အကြုံအရ စာကောင်းကောင်းတစ်ခုရေးနိုင်ဖို့ဆိုရင် ပထမဆုံးအချက်က စာကောင်းကောင်းဖတ်နိုင်တဲ့လူဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီးနည်းစနစ်ပိုင်းအရပြောရရင် စာထဲမှာထည့်ထားတဲ့ အကြောင်းအရာဖော်ပြပုံ၊ ရေးသားပုံနည်းစနစ် ၊ အသုံးပြုတဲ့စာလုံးတွေ ၊ လေသံတွေ၊ အချိတ်အဆက်တွေ ၊ သုံးသပ်ချက်တွေ ၊ ဖော်ပြချက်တွေ ၊ writing pattern တွေ ဒီနည်းစနစ်တွေကို ကောင်းကောင်းအသုံးချတတ်ရင်လည်း စာအရေးအသားကောင်းတဲ့သူ ဖြစ်လာနိုင်ပါတယ်။
ဒီနေ့ပြောချင်တဲ့အချက်က အဲ့ဒီအချက်ပါ။ လူတိုင်း စာအရေးအသားကောင်းနိုင်တယ်။ ဘယ်လိုကောင်းလာနိုင်လဲဆိုတော့ စာရေးနည်းစနစ်တွေကို နားလည်ပြီး အလေ့အကျင့်ဖြစ်လာရင် ၊ critical thinking ကို ကောင်းကောင်းအသုံးချနိုင်ရင် ကိုယ်ရေးတဲ့စာတွေ၊ ပြောချင်တဲ့အကြောင်းအရာတွေကို လူတွေပိုပြီးစိတ်ဝင်စားလာနိုင်ပါတယ်။ နည်းစနစ်ကိုသာ ကောင်းကောင်းနားလည်လာရင် နေ့တိုင်းမြင်နေ၊ တွေ့နေကြဖြစ်တဲ့ ရိုးရှင်းတဲ့အကြောင်းအရာတွေကိုတောင်မှ ကိုယ်ပြောပြရင် စိတ်ဝင်စားဖို့ကောင်းလာနိုင်ပါတယ်။

ပုံမှာပြောထားတဲ့ Rhetorical situation ဆိုတာ လွယ်လွယ်ပြောရရင်တော့ Communication ပုံစံတစ်ခုပါပဲ။ စာရေးတယ်၊ စကားပြောတယ်၊ စာဖတ်တယ်ဆိုတာ တကယ်တမ်းတော့ တစ်ဖက်လူနဲ့ ဆက်သွယ်တာပါပဲ။ Rhetorical situation ဆိုတာ ကိုယ်ပေးချင်တဲ့ ၊ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတစ်ခုရှိနေပြီးတော့ အဲ့ဒီအကြောင်းအရာကို သေချာလေးတည်ဆောက်ပြီး ကိုယ်သိစေချင်တဲ့သူတွေဆီ ပြည့်ပြည့်စုံစုံနဲ့ ကြောင်းကျိုးညီညွတ်စွာ ဆက်သွယ်ပြောဆိုတဲ့အခြေအနေတစ်ခုကို ညွန်းတာပါ။
ဒီအခြေအနေမှာ ကိုယ့်ရဲ့ message ကိုလက်ခံမယ့်သူ၊ ကိုယ်ဘယ်လို message ပေးမှာလဲဆိုတဲ့ ဒီအချက် (၂) ချက်က rhetorical situation မှာမဖြစ်မနေသိရမယ့် အချက်တွေပါ။ ပုံမှာပြထားတဲ့ audience ဆိုတာက agents တွေကိုပြောတာဖြစ်ပြီးတော့ Genre ၊ Purpose ၊ Stance ၊ Context ၊ Culture တွေကတော့ condition of communication တွေကိုပြောတာပါ။ ကိုယ့်ရဲ့ message ကိုလက်ခံမယ့်သူတွေဆီကို ဘယ်လို condition တွေသုံးပြီးပြောမလဲဆိုတာ စာထဲမှာတော့ ကြည့်လိုက်ရင်လွယ်ပေမယ့် နောက်တစ်ခေါက်ထပ်ပြီး နမူနာလေးပြပြီးရှင်းပြပေးမယ်။
Rhetorical situation ဆိုတာကိုယ်က ကိုယ့်ရဲ့ Facebook မှာ အကြောင်းအရာတစ်ခုရေးတင်ချင်တယ် ဆိုပါဆို့။ ဒါဆိုကိုယ့်မှာ rhetorical situation ထဲရောက်နေပြီ။ ဒီအကြောင်းအရာကို ကိုယ့်ရဲ့ Facebook ထဲက friend တွေကို သိစေချင်တယ် (ကိုယ်တက်နေတဲ့တက္ကသိုလ်ကို မိတ်ဆက်ချင်တဲ့ post ပဲထားပါတော့) တခြားသူတွေကို ကိုယ့်တင်တာကိုဖတ်စေချင်တယ်ဆိုပါတော့။ ကိုယ်ပေးချင်တဲ့ message က ကိုယ်တက်နေတဲ့ကျောင်းက ဘယ်လောက်ထိလှပါတယ်ဆိုတာကို သူတို့သိသွားစေချင်တဲ့အချက်။ ဒီရည်ရွယ်ချက်အတိုင်း ကျောင်းကလှတဲ့နေရာတွေကို ဓာတ်ပုံရအောင်ရိုက်ရတော့မယ်။ ဒီနေရာမှာ သက်သေပြဖို့အတွက် တကယ်လှတဲ့ ဓာတ်ပုံတွေရအောင်ရိုက်မှ ဖြစ်မယ်နော်။ ကဲ…ဓာတ်ပုံရပြီ ဒီကျောင်းရဲ့အလှနဲ့ပတ်သက်တဲ့ story တစ်ခုခုတော့ရှိမှာပဲ။ အဲ့ဒါတွေကို အတန်းဖော်သူငယ်ချင်းတွေဖြစ်ဖြစ်၊ ပါမောက္ခတွေဖြစ်ဖြစ်လိုက်မေးရင်း analysis လုပ်ကြည့်မယ်။ လိုက်ရှာကြည့်မယ်။


အခု လိုချင်တဲ့အချက်အလက်တွေတော့ရပြီ။ ဒါဆိုရင် ဘယ်လိုအစဉ်လိုက်ရေးမလဲ။ လှတဲ့နေရာတွေ တစ်ခုနဲ့တစ်ခုအကြောင်းပြောတဲ့အခါ ဘယ်လိုအချိတ်အဆက်မိမိပြောမလဲ စဉ်းစားပြီး စိတ်ကူးနဲ့အရင်ရေးကြည့်နိုင်ရင် အကောင်းဆုံးပေါ့။ ဒါမှလိုနေတဲ့နေရာတွေရှိရင် ထပ်ဖြည့်ပြီးဆက်စဉ်းစားကြည့်ရင်းနဲ့ အားလုံးစုံသွားပြီဆိုရင်တော့ နိဂုံးချုပ်ကို အချိတ်အဆက်မိမိ ရေးကြည့်ပါ။ ကိုယ်ဆိုတဲ့ မူမပျက်နေအောင် ကိုယ်သုံးနေကျ tone ကိုလည်း သုံးပါ။ စာရေးတဲ့အခါ ကိုယ့် audience ရဲ့ cultural background တွေကိုလည်း ထည့်စဉ်းစားပြီး စကားလုံးအသုံးအနှုန်းနဲ့ အမြင်ကိုလည်း ရွေးချယ်တတ်ရပါမယ်။

ဒီလောက်ဆို စာရေးဖို့အတွက် နည်းစနစ်တချို့ကိုတော့သိလောက်ပြီထင်ပါတယ်။ စာရေးတယ်ဆိုတာ အလေ့အကျင့်များများရှိနေရင် အကောင်းဆုံးဖြစ်တဲ့အတွက် တကယ်လို့စာချမရေးနိုင်ရင်တောင် စိတ်ကူးနဲ့အမြဲရေးကြည့်ပါ။ Note ထဲမှာ ထည့်ရေးကြည့်ပါ။
နောက်ဆုံးအချက်အနေနဲ့ အခုကျွန်မပြောထားတာကို နားလည်သလိုရှိပေမယ့် သိပ်မရှင်းသေးရင် စာချမရေးခင် ကိုယ့်ကိုယ်ကိုယ်ပြန်မေးရမယ့်မေးခွန်းတွေ တစ်ပါတည်းပေးထားပါတယ်။ နံပါတ် (၅) မှာပါ။ အဲ့ဒီမေးခွန်းတွေလောက်ဆိုရင် တော်ရုံစာရေးဖို့အတွက်တော့ လုံလောက်တဲ့မေးခွန်းတွေဖြစ်မှာပါ။

အခုပြောသွားတဲ့အချက်တွေက social media အတွက်တစ်ခုတည်းမဟုတ်ပါဘူးနော်။ ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ရဲ့ life မှာအကြောင်းအရာတစ်ခုခု ရေးရတော့မယ်၊ ပြောပြရတော့မယ်ဆိုရင် ထည့်စဉ်းစားပြီးသုံးလို့ရတဲ့အချက်တွေချည်းပါပဲရှင့်။ အချိန်ရရင် copy writing နဲ့ပတ်သက်ပြီး online sharing session လေးတစ်ခုလည်း မျှဝေပေးချင်ပါတယ်။
စာရေးတာနဲ့ပတ်သက်ပြီး မေးချင်တဲ့အကြောင်းအရာလေးတွေရှိရင်လည်း comment box မှာ တစ်ယောက်ကိုမေးခွန်းတစ်ခုစီ မေးမြန်းထားခဲ့ပါ။
ကျွန်မသိသလောက် ပြန်လည်ဖြေကြားပေးသွားပါမယ်။ ဖတ်ရှု့ပေးတဲ့အတွက် အားလုံးကိုကျေးဇူးပါ။
Reference ― Writing guide with handbook by OpenStax, Rice University
Written by Scholarship Announcements