မြန်မာနိုင်ငံကလူငယ်အများစုကြားမှာ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ သြစတြေးလျ ၊ ယူအက်စ် ၊ ယူကေ စတဲ့နိုင်ငံတွေကို အဆင့်မြင့်ပညာရေးအတွက် ရွေးချယ်ကြတာတွေ့ရပြီး ဥရောပဘက်ကိုတော့ ရွေးချယ်တဲ့သူ သိသိသာသာနည်းတာတွေ့ရပါတယ်။ အဓိကက ပညာရေးဝန်ဆောင်မှုတွေအများစုကြောင့်ပါသလို ဥရောပနိုင်ငံတချို့မှာသင်ကြားမယ်ဆိုရင် ဘာသာစကား၊ ကုန်ကျစရိတ်စတာတွေကို စိတ်ပူတာလည်း ပါမယ်လို့ ထင်ပါတယ်။
တကယ်တမ်း ကုန်ကျစရိတ်နဲ့ယှဉ်ရင် ဥရောပနိုင်ငံတွေမှာ ကျောင်းစရိတ်က အခြားနိုင်ငံကြီးတွေနဲ့စာရင် သိသိသာသာနည်းသလို ထူးချွန်မှုနဲ့ နိုင်ငံအလိုက်လည်း ပညာသင်ထောက်ပံ့ကြေးတွေ ပိုရနိုင်ချေရှိပါတယ်။ တကယ်လို့ ဂျာမနီ၊ ပိုလန် တို့လိုဘာသာစကားတွေ ကျွမ်းကျင်ရင် ပိုလို့တောင်အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။
ချဲ့ရင်ချဲ့သလောက် ပြောစရာတွေအများကြီးဆိုတော့ အခုတစ်ပတ်အတွက်ပြောမယ့် အကြောင်းအရာလေးကိုပဲ ဆက်သွားရအောင်။ ဒီတစ်ခေါက် ကျွန်မပြောပြပေးမယ့် ဥရောပ ပညာရေးအကြောင်းကတော့ ကျောင်းလခအပိုင်းပဲဖြစ်ပါတယ်။ ကျောင်းလခအပိုင်းပဲဖြစ်တဲ့အတွက် နေစရိတ်၊ အာမခံ၊ စားသောက်စရိတ် စတာတွေအတွက် မပါပါဘူး။
ပြီးတော့ အခုဖော်ပြပေးတဲ့ကျောင်းစရိတ်အားလုံးက ဥရောပ ပညာရေး website ကဖော်ပြထားတဲ့ ကုန်ကျစရိတ်တွေဖြစ်တဲ့အတွက် မြေပြင်မှာတော့ အပြောင်းအလဲရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း ကျောင်းစရိတ်ခန့်မှန်းခြေသိသွားရင် ပညာရေးအတွက် စဉ်းစားစရာနိုင်ငံတွေထဲကတစ်ခုရွေးချယ်စရာဖြစ်တာမို့ ဒီဆောင်းပါးက အထိုက်အလျောက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
Austria
အေးချမ်းတဲ့နေရာမျိုးတွေမှာ အေးအေးဆေးဆေးစာသင်ချင်တဲ့သူတွေအတွက် ကျွန်မ အကြိုက်ဆုံးနိုင်ငံတစ်နိုင်ငံပါ။ တက္ကသိုလ်တော်တော်များများမှာ ဂျာမန်ဘာသာနဲ့ အင်္ဂလိပ်ဘာသာ program တွေရှိပါတယ်။ နိုင်ငံတကာကျောင်းသားတွေအတွက် semester တစ်ခုကို 726.72 EUR လောက် ကုန်ကျနိုင်ပါတယ်။ Public universities တွေမှာ non-degree မဟုတ်တဲ့ဘာသာရပ်တွေ သင်မယ်ဆိုရင်တော့ semester တစ်ခုကို 363.36 EUR လောက်ရှိပါတယ်။ Science နဲ့ပတ်သက်တဲ့ဘာသာရပ်တွေက ပိုဈေးကြီးပါတယ်။
Belgium
ဘယ်ဂျီယံကတော့ အပိုင်း (၃) ပိုင်းခွဲပြောမှ ရမယ်ထင်ပါတယ်။ သူတို့ဆီမှာ French community ၊ Flemish -community နဲ့ German-speaking community ဆိုပြီး တက္ကသိုလ်တွေ မတူကြပါဘူး။ French community က ကျောင်းတွေက ပိုဈေးကြီးပြီး တစ်နှစ်ကို 890 ~ 4175 EUR ရှိပါတယ်။ အဲ့ဒီထဲမှာ အနိမ့်ဆုံးကုန်ကျစရိတ်နဲ့ တက္ကသိုလ်တွေကတော့ Flemish community ကပါ။ 25 EUR လောက်ပဲရှိပါတယ်။ German-speaking community ကတော့ 435 EUR ဝန်းကျင်ရှိပါတယ်။
Czech Republic
သူကတော့ ရှင်းပါတယ်။ ချက်ဘာသာစကားနဲ့သင်တဲ့ ပရိုဂရမ်တွေတက်ရင် tuition fee က အခမဲ့ပါ။ တခြားဘာသာစကားနဲ့ ပရိုဂရမ်တွေတက်ရင်တော့ semester တစ်ခုကို 1000 EUR ဝန်းကျင်ရှိပါတယ်။
Denmark
ကမ္ဘာ့အကောင်းဆုံး ပညာရေးရှိတဲ့နိုင်ငံ၊ ကမ္ဘာပေါ်မှာ ပျော်ရွှင်မှုအကောင်းဆုံးနိုင်ငံက လူတွေသင်တဲ့ပညာရေးကို ကျွန်မတစ်ယောက်တည်း အနေနဲ့ကတော့ တော်တော်လေးစိတ်ဝင်စားမိတယ်။ နိုင်ငံကိုရော ၊ ပညာရေးကိုရော။ ဒိန်းမတ်က ကျောင်းလခကတော့ တခြားဥရောပနိုင်ငံတွေထက် ပိုများပါတယ်။ ပျမ်းမျှကျောင်းစရိတ်က တစ်နှစ်ကို 10000 EUR ဝန်းကျင်ရှိပါမယ်။
Finland
နိုင်ငံသားတွေနဲ့ ဥရောပနိုင်ငံကကျောင်းသား၊ ကျောင်းသူတွေအတွက် ကျောင်းလခအခမဲ့ပေမယ့် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက်တော့ တစ်နှစ်ကို 4000 ~ 12000 EUR ဝန်းကျင်လောက် ရှိပါတယ်။ ဥရောပမှာ Arts ၊ Literature နဲ့ Humanities ဘာသာရပ်တွေအများစုက Science ဘာသာရပ်တွေနဲ့ယှဉ်ရင် ဈေးပိုသက်သာပါတယ်။
Greece
ကျောင်းလခသက်သာတဲ့ ဥရောပနိုင်ငံထဲက ဂရိနိုင်ငံမှာဆိုရင် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် တစ်နှစ်တာ tuition fee က 1000 EUR လောက်ပဲရှိပါတယ်။ ဒါတောင် ဘာသာရပ်နဲ့ study program ပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။
Norway
အစိုးရတက္ကသိုလ်နဲ့ ကောလိပ်အားလုံးက tuition fee အခမဲ့တွေချည်းပါပဲ။ ပညာသင်နှစ်တွေကလည်း study program အလိုက် အနည်းဆုံး (၂) နှစ်ကနေ (၆) နှစ်ဝန်းကျင်လောက်အထိရှိပါတယ်။ နေထိုင်စရိတ်က တခြားနိုင်ငံတွေထက် ပိုကုန်ကျပေမယ့် ငွေကြေးလိုအပ်ချက်ရှိတဲ့ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာသင်ထောက်ပံ့ပေးတဲ့အစီအစဉ်တွေလည်း အများကြီးရှိပါတယ်။ နော်ဝေးလိုပဲ Luxembourg မှာလည်း တက္ကသိုလ်တွေက tuition fee အခမဲ့တွေချည်းပါ။ ဒါပေမဲ့ registration fee တော့ပေးရပါတယ်။
Germany
ဂျာမနီမှာ ကျောင်းတက်တော့မယ်ဆိုရင် ကျွန်မ recommend လုပ်ချင်တာကတော့ အစိုးရတက္ကသိုလ်တွေကိုပဲ ရွေးချယ်စေချင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဘွဲ့ကြိုတန်းအားလုံးနီးပါးက tuition fee အခမဲ့တွေများလို့ပါ။ ဒါပေမဲ့ ဘွဲ့လွန်တန်းအတွက်တက်မယ်ဆိုရင်တော့ semester တစ်ခုကို 500 ~ 650 EUR ဝန်းကျင်ရှိပါမယ်။ အဲ့ဒီထဲမှာမှ ပုဂ္ဂလိကတက္ကသိုလ်တွေဆိုရင်တော့ ယခုထက်ပိုကုန်ကျနိုင်ပါတယ်။
Switzerland
နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် ဆွစ်ဇာလန်မှာကျောင်းတက်မယ်ဆိုရင် tuition fee ရော၊ registration fee ရော ပေးသွင်းရပါတယ်။ ကျောင်းပေါ်မူတည်ပြီး semester တစ်ခုကို 500 ~ 2000 CHF အထိရှိနိုင်ပါတယ်။ မာစတာဒီဂရီဘွဲ့တွေအတွက်ကတော့ 3000 ~ 13000 CHF ဝန်းကျင်ကစပြီး subject ပေါ်လိုက်ကွဲပြားသွားပါတယ်။
Sweden
အားကောင်းတဲ့ပညာရေးစနစ်နဲ့ ဆွီဒင်အဆင့်မြင့်ပညာရေးမှာလည်း ထုံးစံအတိုင်း Non-EU မဟုတ်တဲ့ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် tuition fee ပေးသွင်းရပါတယ်။ ကျောင်းလခအတွက် တစ်နှစ်ကို 9700 EUR ဝန်းကျင်ရှိပါတယ်။
Ref: Study in Europe