
_Books Review
Yu Hua ရဲ့စာအုပ်တွေကို စဖတ်ဖူးတာကတော့ The Seventh Day (သတ္တမမြောက်နေ့)ဆိုတဲ့ စာအုပ်ပါ။ သူ့ရဲ့ရေးသားဟန်က အရမ်းသပ်ရပ်ပြီး စာဖတ်သူရဲ့သိချင်စိတ်၊ ခံစားချက်တွေကို လှုံ့ဆွပေးနိုင်တဲ့ အရေးအသားရှိလို့ သူ့စာအုပ်တွေရသလောက်စုမယ်ဆိုပြီး စခဲ့ပါတယ်။ သူ့ရဲ့ဝတ္ထုတော်တော်များများမှာ တရုတ်ပြည်သူ ပြည်သားတွေရဲ့ အခက်အခဲဆုံးကာလ Cultural Revolution အချိန်ကို ဇာတ်လမ်း၊ ဇာတ်ကောင်အမျိုးမျိုးနဲ့ ခေတ်ကာလတစ်ခုကိုပုံဖော်ရေးသားတဲ့အချက်ကိုလည်း သဘောကျမိတာပါပါတယ်။
Yu Hua ရဲ့အထင်ရှားဆုံးစာအုပ်ကတော့ Chronicle of a Blood Merchant ပါ။ ကျွန်မကတော့ To Live ဆိုတဲ့စာအုပ်ကိုပိုနှစ်သက်မိပါတယ်။ ဒါပေမဲ့ Chronicle of a Blood Merchant ကိုလည်း တစိမ့်စိမ့်ထပ်ခါ ထပ်ခါဖတ်ချင်လောက်အောင် ကြိုက်ပါတယ်။ Yu Hua ရဲ့စာအုပ်တွေက သာမန်လူတစ်ယောက်ရဲ့ဘဝအနိမ့်အမြင့်၊ ချစ်ခြင်းမေတ္တာ၊ ဘဝဖြတ်သန်းမှုကို ကွက်ကွက်ကင်းကင်းပုံဖော်ထားတဲ့အတွက် စိတ်ကူးယဉ်စာအုပ်ကိုဖတ်နေရတာနဲ့မတူပါဘူး။ ဇာတ်ကောင်နေရာမှာ ကိုယ်တိုင်ခံစားနေရသလို ခံပြင်းမှု၊ ဝမ်းနည်းမှု၊ ဝမ်းသာမှုတွေကို စာဖတ်နေချိန်မှာရော၊ စာဖတ်ပြီးသွားချိန်အထိပါ ခံစားရပါတယ်။

Chronicle of a Blood Merchant ဆိုတဲ့စာအုပ်မှာဆိုရင်လည်း ဖခင်တစ်ယောက်ရဲ့ဘဝ၊ လူပျိုဘဝမှာမမျှော်လင့်ဘဲ သွေးကုန်သည်တစ်ယောက်နဲ့တွေ့ဆုံမိရာကနေ သူ့ဘဝရဲ့အပြောင်းအလဲအချိန်တွေ၊ ခက်ခဲတဲ့အချိန်တွေမှာ ဒီသွေးနဲ့သူ့မိသားစုအတွက်ဘယ်လိုကယ်တင်ခဲ့လဲဆိုတာကို အနုစိတ်ရသမြောက်စွာနဲ့ရေးသားထားပါတယ်။ ဒီစာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ ကိုရီးယားရုပ်ရှင်ကားရှိပါတယ်။ ကျွန်မတော့မကြည့်ဖူးပေမယ့် ရုပ်ရှင်ကတော့ရုပ်ရှင်ရသတစ်ခု ပေးစွမ်းနိုင်မှာပါ။
ရုပ်ရှင်ဆိုလို့ To Live ဆိုတဲ့စာအုပ်ကိုလည်း ၁၉၉၄ ခုနှစ်မှာ တရုတ်ဒါရိုက်တာတစ်ယောက်က ရုပ်ရှင်ပြန်ရိုက်ခဲ့ပါတယ်။ To Live က စာရေးဆရာ Yu Hua အတွက် ရုပ်ရှင်အနေနဲ့ရော စာအုပ်အနေနဲ့ပါ အောင်မြင်မှုတွေ တစ်သီတစ်တန်းကြီးရခဲ့ပါတယ်။ Brothers ဆိုလည်း စာအုပ်ရော၊ ရုပ်ရှင်ပါ နာမည်ကြီးပါတယ်။
ကျွန်မက Yu Hua စာအုပ်တွေကို စပြီးစုမယ်လုပ်တော့ ပထမဆုံးတွေ့တဲ့စာအုပ်က Big Bag Wolf စာအုပ်ပွဲတော်မှာပါ။ Yu Hua စာအုပ်အကုန်မရပေမယ့် Chronicle of a Blood Merchant နဲ့ To Live နှစ်အုပ်ရခဲ့ပါတယ်။ The Seventh Day ကိုတော့ ငါတို့စာပေကထုတ်တဲ့ စာရေးဆရာတော်ကောင်းမင်းဘာသာပြန်ထားတဲ့ သတ္တမမြောက်နေ့စာအုပ်ကို ရခဲ့ပါတယ်။ နောက်စာအုပ်တွေကို အလျဉ်းသင့်သလို ထပ်ရှာနေတုန်းပါပဲ။ ဖြစ်နိုင်ရင် Cries in the Drizzle ၊ China in Ten Words ၊ The Past & the Punishments စာအုပ်တွေ ထပ်စုမယ်လို့စီစဉ်ထားပါတယ်။

သမရိုးကျဇာတ်လမ်းတွေထဲက ခွဲထွက်ပြီး လူ့သဘော၊ လူ့သဘာဝဆန်တဲ့ရသစာအုပ်မျိုးရှာနေတဲ့ စာချစ်သူတွေအတွက် Yu Hua စာအုပ်တွေကိုလည်း လက်မလွှတ်သင့်တဲ့အကြောင်း ပြောချင်ပါတယ်။ စာပေအပေါ်မှာ မြတ်နိုးတဲ့စိတ်နဲ့ အညွန်းရေးသားထားတာဖြစ်တဲ့အတွက် တစ်စုံတစ်ခုအမှားအယွင်းများရှိရင်လည်း နားလည်ခွင့်လွတ်ပေးပါလို့ ကြိုတင်မေတ္တာရပ်ခံပါတယ်ရှင့်။