(ဆရာအောင်သင်း၏ “ကျွန်တော်ကျောင်းဆရာ” စာအုပ်မှ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခြင်းဖြစ်ပါသည်။ “ကျွန်တော်ကျောင်းဆရာ” စာအုပ်ကို ဇွန်ပွင့်စာအုပ်တိုက်မှ ၂၀၀၇ ခုနှစ်၊ သြဂုတ်လတွင် ပထမအကြိမ်ထုတ်ဝေသည်။)
နွေနေကလည်း ပူလွန်းတာကြောင့် ကိုယ်လက်မအီမသာရှိနေတာနဲ့ အရင်တစ်ပတ်က “ကျွန်တော်ကျောင်းဆရာ” ကို မရေးနိုင်ခဲ့ဘူး။ အသင့်ရေးပြီးရှိနေတဲ့ ဆောင်းပါးတစ်စောင်ကို ထိုးပေးလိုက်ရပါတယ်။ ခုမှဆက်ရပါတယ်။ ကလေးတွေကို စကားဆိုလိုက်ပါရစေဦး။
“မင်းတို့တစ်တွေ ငါရေးခဲ့တဲ့ ရှေ့ပိုင်းဆောင်းပါးတွေကို ပြန်ပြီးဖတ်ကြည့်ကြစေချင်တယ်။ ကိုယ်ပိုင်ဉာဏ်သုံးတတ်ကြစေချင်လို့ပါ။ ကဲကွာ-ဖြတ်ပြီး မေးလိုက်ရဦးမယ်။ မင်းတို့ အလီပေါင်းတွေကို ကျက်ခဲ့ရဖူးသလား”
“ကျက်ခဲ့ရဖူးပါတယ်”
“ကိုင်း-ဒါဖြင့် ပြောကြစမ်းကွာ၊ အလီပေါင်းဆိုတာ ဘာလဲ”
ဒီနေရာမှာတော့ဖြင့် သူတို့အားလုံး ခဏငိုင်သွားကြပါတော့သည်။ ဒါလည်း အထူးအဆန်းတော့ မဟုတ်ပါ။ အစဉ်းစားခိုင်းလိုက်လျှင် ကျောင်းသားအားလုံး ငိုင်သွားတတ်လေ့ရှိပါသည်။ ထို့ကြောင့် ကျွန်တော်က-
“ကိုင်းကွာ ‘နှစ်အလီ’ ကိုဆိုကြည့်ကြစမ်း”
“နှစ် တစ်လီ နှစ်၊ နှစ် နှစ်လီ လေး၊ နှစ် သုံးလီ ခြောက်”
“နှစ် နှစ်လီ လေးဆိုတာ ဘာကိုဆိုလိုသလဲ။ စဉ်းစားကြည့်ကြပေါ့ကွ”
“သိပြီ ဆရာ။ နှစ် နှစ်လီ လေးဆိုတာ နှစ်ကို နှစ်ကြိမ် ပေါင်းထားတာ”
“နှစ်-သုံးလီ”
“နှစ်-သုံးလီ ခြောက် ဆိုတာက နှစ်ကို သုံးခါပေါင်းထားတာ”
“အလီပေါင်းဆိုတာ အဲ့ဒါပဲပေါ့ကွ။ ဒါဖြင့် အလီပေါင်းကိုရတော့ ဘာဖြစ်သလဲ။ စဉ်းစားကြဦးစို့ကွာ”
“အလီပေါင်းကိုရတော့ ပေါင်းတာမှာ မြန်တာပေါ့ ဆရာ”
“အေးပေါ့ကွ။ ကြက်ဥတစ်လုံးကို ဆယ့်ခြောက်ကျပ်၊ ကြက်ဥ ငါးလုံးဆိုရင်”
“ရှစ်ဆယ်”
“မင်းတို့ ဆယ်ခြောက် ငါးကြိမ်ချပေါင်းနေဖို့ လိုသေးသလား”
“မလိုတော့ဘူး”
“ဘာကြောင့်လဲ”
“အလီပေါင်းကို အလွတ်ရထားလို့”
“အေးပေါ့ကွ၊ အလွတ်ကျက်တန်ရင်လဲ ကျက်ရမှာပေါ့။ ဒါပေမဲ့ ဘာကြောင့် ဘာကြောင့် အလွတ်ကျက်ရတယ်ဆိုတာကိုလဲ သိထားရမှာပေါ့။ မင်းတို့ ငါတို့က အလွန်ကိုသက်သာပါသေးတယ်။ ငါတို့ ဘိုးဘေးတွေများဆိုရင် အလီပေါင်းကျက်ရတာ အလွန်ပင်ပန်းခဲ့ကြရှာတယ်”
“ဘာကြောင့်လဲ ဆရာ”
“သူတို့က ကိုးကြောင်းလင်္ကာတွေကို ကျက်မှတ်ကြရတာ”
“ကိုးကြောင်းလင်္ကာဆိုတာ ဘာလဲ ဆရာ”
“ပါဠိလိုရေးထားတဲ့ အလီပေါင်းတွေပါပဲ။ ဆိုကြပါစို့ကွာ ‘နောဧကနော၊ နဝဒွေး အဋ္ဌာရသ’ ဆိုတာမျိုးပေါ့။ နော၊ နဝ ဆိုတာတွေက (၉)ကို ပြောတာ။ မင်းတို့တိုင်အောင် နဝမတန်းလို့သုံးးနေသေးတာပဲ မဟုတ်လား။ ဒီတော့ နောဧကနော ဆိုတာက ကိုး တစ်လီ ကိုးပေါ့ကွ။ နဝဒွေးအဋ္ဌာရသ ဆိုတာက ကိုး နှစ်လီ ဆယ့်ရှစ် ပေါ့။ ဒီတော့ သူတို့ဘယ်လောက်ထိအောင် ကျက်မှတ်ခဲ့ရမယ်ဆိုတာ မှန်းလို့သာ ကြည့်ကြပေရော့။ မင်းတို့က ပိုလို့ကံကောင်းပါတယ်။ ဂဏန်းပေါင်းစက်တွေကလဲ ပေါ်လာလိုက်သေးတာကိုး”
သူတို့ တအံ့တသြ ရယ်မောကြပါသည်။
“ဒါထက် ပြောလိုက်ရဦးမယ်။ ဈေးသည်မိန်းမကြီးတစ်ယောက်သည် သူ့ဆိုင်တွင် ပြန်ရောင်းရန်အတွက် ဈေးတွင် ဘဲဥ (၁၀၀) ကို ငွေငါးရာကျပ်နှင့် ဝယ်လာခဲ့သည်။ လမ်းတွင် ဘဲဥသုံးလုံး ကွဲသွားခဲ့သည်။ မိမိဆိုင်သို့ ပြန်ရောက်သောအခါ ဘဲဥတစ်လုံးကို ခြောက်ကျပ်နှင့် ပြန်ရောင်းသည်။ အမြတ်ငွေ မည်မျှကျန်မည်နည်းဆိုတဲ့ သင်္ချာမျိုး မင်းတို့ငယ်ငယ်က တွက်ခဲ့ရဖူးသလား”
“တွက်ခဲ့ရဖူးပါတယ် ဆရာ”
“အေး-အဲ့ဒါ ကြီးလာရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင်လို့ပေါ့ကွဲ။ တိရစ္ဆာန်တွေ အပျံသင်သလိုမျိုး လုပ်ရတာပဲပေါ့”
“တိရစ္ဆာန်တွေမှာတော့ မိဘက သင်ပေးတယ်နော်”
“မှန်တယ်။ လူတွေရဲ့ပညာရေးက သိပ်မြင့်လာပြီ။ ဒါကြောင့် ပညာရပ်ဟူသမျှကို မိဘက သင်မပေးနိုင်တော့ဘူး။ ဒါကြောင့် ဆရာ ဆိုတဲ့လူတန်းစားပေါ်လာရတာ။ ဒါကြောင့် ဟိုးရှေးခေတ်တွေကတည်းက သားသမီးတွေကို ဒိသာပါမောက္ခ ဆရာကြီးတွေရှိတဲ့ တက္ကသိုလ်ကြီးတွေပို့ပြီး ပညာသင်စေရတာကို မင်းတို့လဲ ကြားဖူးကြမှာပေါ့”
“ကြားဖူးပါတယ် ဆရာ”
“အေး-တော်ကြဦးစို့ကွယ်။ ဆရာလဲ နေမကောင်းဖြစ်ပြီးစ ပင်ပန်းလွန်းလို့ပါ”
(ကျွန်တော်ကျောင်းဆရာ စာအုပ်က ပညာကိုတန်ဖိုးထားတဲ့လူငယ်တွေအတွက် သိမှတ်စရာတွေအများကြီးပါဝင်တဲ့ ဆရာအောင်သင်းရဲ့ဆောင်းပါးများစုစည်းထားတဲ့လက်ရာဖြစ်ပါတယ်။)