Hyeonseo Lee က မြောက်ကိုရီးယားမှာမွေးဖွားကြီးပြင်းခဲ့တဲ့သာမန်မိန်းကလေးတစ်ယောက်ပါ။ အရင်ကတော့ သူနေခဲ့တဲ့နိုင်ငံကြီးက ကမ္ဘာပေါ်မှာအကောင်းဆုံးနိုင်ငံတစ်နိုင်ငံလို့ထင်ခဲ့ပေမယ့် ၁၉၉၀ ခုနှစ်ဝန်းကျင် တစ်နိုင်ငံလုံးအငတ်ဘေးနဲ့ကြုံတွေ့ချိန်မှာ မြောက်ကိုရီးယားကနေ တစ်ယောက်တည်းထွက်ပြေးခဲ့ရပါတယ်။ မိသားစုမပါဘဲတစ်ယောက်တည်း မြောက်ကိုရီးယားကနေထွက်ပြေးပြီး တရုတ်နိုင်ငံမှာဒုက္ခသည်အနေနဲ့ပုန်းနေခဲ့ရပါတယ်။ အခက်အခဲတွေကြားက သူကြုံတွေ့ခဲ့ရတဲ့အန္တရာယ်တွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ၊ မိသားစုနဲ့ပြန်တွေ့ခွင့်ရောရခဲ့လား၊ ပြင်ပကမ္ဘာမှာဆက်လက်ရှင်သန်ဖို့ ကိုယ့်သရုပ်မှန်ကိုဘယ်လိုဖုံးကွယ်နေခဲ့ရလဲဆိုတာ TED Talk မှာ ပြောကြားထားတဲ့ဗီဒီယိုဖိုင်ကို Scholarship Announcements ကဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါတယ်။

ကျွန်မကလေးတုန်းက ကျွန်မတို့နိုင်ငံကြီးကလေ ကမ္ဘာပေါ်မှာအကောင်းဆုံးလို့ထင်ခဲ့တာ။ ငယ်ငယ်လေးတည်းက “မနာလိုစရာမရှိ_Nothing To Envy” *** သီချင်းဆိုပြီး ကြီးပြင်းခဲ့ရတာပါ။ သီချင်းထဲကအတိုင်း ကျွန်မကိုယ်ကျွန်မလည်း အရမ်းဂုဏ်ယူမိခဲ့တာပေါ့။ ကျောင်းမှာ Kim II Sung ရဲ့ရာဇဝင်သမိုင်းတွေကိုပဲသင်ရင်း ကြီးပျင်းလာခဲ့တာဆိုတော့ ပြင်ပကမ္ဘာကအကြောင်းတွေ ဘာမှမသင်ခဲ့ရဖူးပါဘူး။ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တွေက ကျွန်မတို့ရန်သူေတွ အဖြစ် သင်ခဲ့ရတယ်။ အပြင်လောကအကြောင်းသိချင်ပေမယ့် ကျွန်မကမြောက်ကိုရီးယားမှာပဲနေနေတဲ့သူဆိုတော့ မလိုဘူးလို့ပဲ ထင်ခဲ့ပါတယ်။ ဒါတွေက ရုတ်တရက်မပြောင်းလဲခင်တုန်းကပေါ့။
ကျွန်မအသက် (၇) နှစ်အရွယ်မှာ ပထမဆုံးအကြိမ် ကွပ်မျက်ခြင်းကိုမြင်ဖူးခဲ့ပါတယ်။ ဒါတောင်မှ မြောက်ကိုရီးယားမှာနေနေတဲ့ ကျွန်မတို့ဘဝကို သာမန်လို့ပဲမြင်ခဲ့တာပါ။ ကျွန်မတို့မိသားစုက ဆင်းရဲတဲ့အထဲမှာတော့မပါပါဘူး။ ငတ်မွတ်ခေါင်းပါးတာကို တခါမှလည်းမကြုံဖူးခဲ့ဖူးပါဘူး။
၁၉၉၅ ခုနှစ် တစ်ရက်မှာ အမေက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ညီမတစ်ယောက်ရဲ့စာကို အိမ်ကိုယူလာခဲ့ပါတယ်။ အဲ့ဒီစာထဲမှာ ‘ဒီစာကိုဖတ်နေချိန်မှာ ကျွန်မတို့မိသားစု (၅) ယောက်လုံးက ဒီလောကကြီးကထွက်သွားပါပြီ။ လွန်ခဲ့တဲ့ (၃)ပတ်ထဲက စားစရာမရှိလို့ ကျွန်မတို့မိသားစုတွေ ကြမ်းပြင်မှာအတူတူလဲှနေခဲ့ရပါတယ်။ ကျွန်မတို့ခန္ဓာကိုယ်တွေက အားနည်းနေပြီးတော့ သေရမယ့်အချိန်ကိုပဲ စောင့်နေပါတယ်’
အဲ့ဒီစာဖတ်ပြီး ကျွန်မအရမ်းကိုတုန်လှုပ်သွားခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဒီလိုအစာရေစာငတ်မွတ်ပြီးသေဆုံးတာမျိုးတွေရှိတာ ပထမဆုံးကြားဖူးခဲ့တာပါ။ မကြာခင်မှာပဲ ဘူတာကိုလမ်းလျှောက်သွားနေချိန်မှာ ဘယ်တော့မှမေ့လို့မရတဲ့ ကြောက်စရာကောင်းတဲ့နေ့ကို ကိုယ်တွေ့ကြုံခဲ့ရပါတော့တယ်။ အသက်မရှိတော့တဲ့အမျိုးသမီးတစ်ယောက် မြေကြီးပေါ်မှာသေဆုံးနေတာပါ။ သေဆုံးနေတဲ့သူဘေးမှာ ပိန်ပိန်ညောင်ညောင်ကလေးငယ်လေးက သေဆုံးနေတဲ့သူ့အမေမျက်နှာကိုအကူအညီမဲ့ ငေးကြည့်နေတဲ့မြင်ကွင်းကို မြင်ခဲ့ရပါတယ်။ ဘယ်သူမှလည်း သူတို့ကိုကူညီမယ့်သူမရှိ။ လူတွေကလည်း သူတို့အပူနဲ့သူတို့ သူတို့မိသားစုအတွက်ကိုပဲ ပူပင်နေရတဲ့အချိန်မှာလေ။
မြောက်ကိုရီးယားမှာ ၁၉၉၀ အလယ်လောက်မှာ ကြီးမားတဲ့အငတ်ဘေးကြုံခဲ့ပါတယ်။ ဒီအငတ်ဘေးကြောင့် မြောက်ကိုရီးယားမှာ လူပေါင်း တစ်သန်းကျော်သေဆုံးခဲ့ပြီး အများစုကမြက်တွေ၊ ပိုးကောင်တွေ၊ သစ်ခေါက်တွေကိုစားပြီး အသက်ရှင်ခဲ့ရပါတယ်။ မီးတွေလည်း ခဏခဏဆိုသလိုပြတ်နေလို့ တရုတ်က ပင်လယ်ထဲထွန်းတဲ့မီးအလင်းရောင်တွေအိမ်ထဲဖြတ်သွားတာကလွဲပြီး ညဖက်ဆိုအားလုံး မှောင်မဲထဲမှာပဲနေကြရပါတယ်။ ကျွန်မက အဲ့ဒီတုန်းက တရုတ်မှာကျတော့မီးတွေရှိတယ် ငါတို့မှာဘာလို့မီးမရှိတာလဲ တွေးခဲ့တာပေါ့။ ဒါကတော့ ဂြိုလ်ထုကနေရိုက်ထားတဲ့မြောက်ကိုရီးယားရဲ့ညဖက်ပုံပါ။ တခြားအိမ်နီးနားချင်းတွေရဲ့ပုံတွေနဲ့ ယှဉ်ပြထားပါတယ်။
ဒါကတော့ Amnok မြစ်ပါ။ သူကမြောက်ကိုရီးယားနဲ့ တရုတ်ကိုခြားထားတဲ့နယ်စည်း တစ်ခုပါ။ မြင်တဲ့အတိုင်းပါ မြစ်ကကျဉ်းသွားပြီး မြောက်ကိုရီးယားထဲကို ဖြတ်သန်းစီးသွားပါတယ်။ ဒါပေမဲ့ သေဆုံးတဲ့သူတွေအများကြီးပါ။ မကြာမကြာ မြစ်ထဲမှာလူသေတွေမျောလာတာ တွေ့ရတတ်ပါတယ်။ မြောက်ကိုရီးယားကနေဖြတ်လာတဲ့ အသေးစိတ်ကိုသေချာမပြောနိုင်ပေမယ့် ဆိုးရွားတဲ့အငတ်ဘေးကာလမှာ ကျွန်မကို မိဘတွေက ရပ်ဝေးကဆွေမျိုးနီးစပ်တွေနဲ့အတူ တရုတ်နိုင်ငံကိုထွက်ပြေးခိုင်းပါတယ်။ ကျွန်မထင်တာက ကျွန်မကိုခဏလောက်သွားနေခိုင်းပြီး နောက်ကလိုက်လာမယ်ပဲ ထင်ခဲ့တာပါ။ ဒီလို (၁၄) နှစ်ကြာအချိန်ယူရမယ်လို့ မထင်ခဲ့မိဘူး။
တရုတ်မှာ မိသားစုမရှိတဲ့မိန်းကလေးငယ်ငယ်လေးတစ်ယောက်တည်း ရှင်သန်ရတာ ခက်ခဲပါတယ်။ မြောက်ကိုရီးယား ဒုက္ခသည်တစ်ယောက်ဖြစ်လာမယ်လို့ တစ်ခါမှလည်းမတွေးခဲ့ဖူးပါဘူး။ မကြာခင်မှာပဲ ကျွန်မသိလိုက်တာကတော့ ဒါကခက်ခဲလွန်းတဲ့အဆင့်တင်မကဘဲ အန္တရာယ်လည်းအရမ်းများတဲ့အခြေအနေလို့ သိခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ ဒါက ဒုက္ခသည်အဖြစ် တရုတ်နိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့ကိစ္စကြီးလေ။ ကျွန်မအမြဲအကြောက်တရားတွေနဲ့နေခဲ့ရတာ။ ကိုယ့်ကိုမြောက်ကိုရီးယားကလာမှန်း သိသွားရင် မြောက်ကိုရီးယားကိုပြန်ပို့ခံရမှာ မတွေးဝံ့စရာကိစ္စကြီးပဲ။
တစ်ရက်ကျတော့ ကျွန်မကြောက်နေရတဲ့အရာက တကယ်ဖြစ်လာခဲ့တယ်။ တိုင်စာရလို့ တရုတ်ရဲတပ်ဖွဲ့က ကျွန်မကိုဖမ်းမိသွားပြီး ရဲစခန်းကိုခေါ်သွားခဲ့ပါတယ်။ မြောက်ကိုရီးယားလို့စွတ်စွဲပြီး ကျွန်မကိုတရုတ်စကားပြောတတ်၊ မတတ်ကိုစစ်ကြည့်ကြတယ်။ မေးခွန်းတွေလည်း အများကြီးမေးတယ်။ အဲ့ဒီတုန်းကဆို ကျွန်မအရမ်းကိုကြောက်နေခဲ့တာ။ နှလုံးတွေတောင် ပေါက်ထွက်တော့မတတ်ဘဲ။ တစ်ခုခုမသင်္ကာတာများတွေ့ရင် ထောင်ကျခံရပြီး ပြန်ပို့ခံရမှာ။ အဲ့ဒီအခါကျရင် ငါ့ဘဝတော့သွားပါပြီပဲတွေးနေတာ။ ဒါပေမဲ့ ကျွန်မအရမ်းစိုးရိမ်နေတာကို သူတို့သတိမထားမိအောင် ထိန်းထားရင်း သူတို့မေးသမျှကိုပြန်ဖြေတယ်။ မေးခွန်းတွေလည်းမေးပြီးရော တာဝန်ရှိတဲ့သူတစ်ယောက်က ငါတို့မှားပြီးသတင်းရမိတာဖြစ်မယ်။ သူက မြောက်ကိုရီးယားမဖြစ်နိုင်ဘူးဆိုပြီး ကျွန်မကိုလွှတ်ပေးခဲ့ပါတယ်။ တကယ်ကို ကုသိုလ်ကံကောင်းတာပါ။
တရုတ်နိုင်ငံမှာရှိတဲ့ မြောက်ကိုရီးယားနိုင်ငံသားတချို့က နိုင်ငံတကာသံရုံးတွေမှာခုံလှုံခွင့်တောင်းကြပါတယ်။ ဒါပေမဲ့ အများစုကတော့ တရုတ်ရဲကဖမ်းမိပြီး ပြည်နှင်ဒဏ်ပေးတာခံရပါတယ်။ ဒီကောင်မလေးတွေကတော့ အရမ်းကံကောင်းသွားတယ်။ နိုင်ငံတကာဖိအားတွေပေးတာကြောင့် ဖမ်းခံရတာတောင် ပြန်လွှတ်ပေးတဲ့သူနဲ့တိုးသွားတယ်။ ဒီမြောက်ကိုရီးယားနိုင်ငံသားတွေကတော့ ကံဆိုးတဲ့ထဲပါသွားရှာတယ်။ နှစ်တိုင်း နှစ်တိုင်းတရုတ်နိုင်ငံမှာအဖမ်းခံခဲ့ရတဲ့မြောက်ကိုရီးယားနိုင်ငံသားတွေ အများကြီးရှိပြီး သူတို့က မြောက်ကိုရီးယားကို ပြန်ပို့ခံခဲ့ရပါတယ်။ သူတို့မြောက်ကိုရီးယားကိုပြန်ရောက်သွားရင်တော့ အနှိပ်စက်ခံရတယ်။ ထောင်ကျခံရတယ်။ ဒါမှမဟုတ် ကွပ်မျက်ခံရတတ်ပါတယ်။
ကျွန်မက ကံအရမ်းကောင်းခဲ့ပေမယ့် အများစုကတော့ ကံမကောင်းခဲ့ကြပါဘူး။ မြောက်ကိုရီးယားနိုင်ငံသားတွေက သူတို့ရဲ့သရုပ်မှန်ကို ပုန်းကွယ်ပြီး ရှင်သန်နေထိုင်ဖို့အတွက် ကြိုးစားခဲ့ရတယ်။ နိုင်ငံသစ်မှာ ဘာသာစကားအသစ် အလုပ်သစ်ရပြီးရင်တောင်မှ ခဏလေးအတွင်းမှာပဲ သူတု့ိဘဝတွေက ပြောင်းပြန်လှန်သွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်မ (၁၀) နှစ်ကျော် ကျွန်မရဲ့သရုပ်မှန်ကိုဖုံးကွယ်နေထိုင်ပြီးမှ နောက်ဆုံး တောင်ကိုရီးယားကို စွန့်စားထွက်လာခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်မရဲ့ဘဝသစ် ထပ်မံစတင်ခဲ့ပြန်ပါတယ်။
တောင်ကိုရီးယားမှာအခြေချနေရတာ ကျွန်မထင်သလောက်မလွယ်ကူခဲ့ပါဘူး။ တောင်ကိုရီးယားမှာ အင်္ဂလိပ်ဘာသာစကားက အရမ်းအရေးကြီး တဲ့အတွက် ကျွန်မရဲ့တတိယဘာသာစကားအဖြစ် စသင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာမြောက်နဲ့ တောင်နှစ်နိုင်ငံကြားက ကွာဟချက်ကြီးကို ကျွန်မစပြီးနားလည်ခဲ့ပါတော့တယ်။ ကျွန်မတို့အားလုံးက ကိုရီးယားလူမျိုးတွေဖြစ်နေပေမယ့် ၆၇ နှစ်ကြာ နှစ်နိုင်ငံပိုင်းပြီးတဲ့နောက်မှာ အထဲမှာအများကြီးကွာခြားသွားပါတယ်။ ကျွန်မကိုယ်ကျွန်မတောင် ဘာဆိုတာဒွိဟဖြစ်နေခဲ့တယ်။ ကျွန်မက တောင်ကိုရီးယားလား၊ မြောက်ကိုရီးယားလား။ ငါက ဘယ်ကလာတာလဲ။ ငါကဘယ်သူလဲ။ ရုတ်တရက်ကြီး ကိုယ့်နိုင်ငံလို့ဂုဏ်ယူပြီး ပြစရာနိုင်ငံရယ်လို့ မရှိနေတော့ဘူး။
တောင်ကိုရီးယားမှာနေထိုင်ရတာ မလွယ်ကူတဲ့အတွက် ကျွန်မအစီအစဉ်တစ်ခုချရပါတော့တယ်။ အဲ့ဒါနဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့ စပြီးကြိုးစားခဲ့ပါတယ်။ ဘဝသစ်ကိုစရုံရှိသေးတယ် တုန်လှုပ်စရာဖုန်းတစ်ခုကိုရခဲ့ပြန်ပါတယ်။ မြောက်ကိုရီးယားမှာကျန်ခဲ့တဲ့ မိသားစုအတွက်ကျွန်မပို့ပေးလိုက်တဲ့ပိုက်ဆံကို အစိုးရကြားဖြတ်သိမ်းလိုက်ပြီး ကျွန်မမိသားစုကို နယ်ဘက်ကို အဓမ္မရွေ့ပြောင်းခဲ့တယ်တဲ့။ အဲ့ဒါကြောင့် ကျွန်မမိသားစုကိုလည်း အဲ့ကနေအမြန်ဆုံးထွက်နိုင်အောင် အစီအစဉ်တွေ ထပ်ဆွဲရပါတော့တယ်။
မြောက်ကိုရီးယားနိုင်ငံသူ၊ နိုင်ငံသားတွေဟာ လွတ်လပ်မှုကိုရဖို့အတွက်လမ်းခရီးရှည်ကြီးကို လျှောက်ရပါတယ်။ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ဖြတ်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ ကျွန်မတရုတ်ကိုနောက်တစ်ခေါက် လေယာဉ်နဲ့ပြန်ဆင်းခဲ့ပါတယ်။ အဲ့ဒီကနေမှ မြောက်ကိုရီးယားနယ်စပ်ကို ဆက်သွားပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်မမိသားစုက တရုတ်စကားမပြောနိုင်ဘူးလေ။ အဲ့ဒါကြောင့် တရုတ်ကနေ မိုင် ၂၀၀၀ ကျော်ဖြတ်ပြီး အရှေ့တောင်အာရှဘက်ကိုသွားဖို့ ကျွန်မကိုယ်တိုင်လမ်းပြမှဖြစ်မှာပါ။ အဝေးပြေးကားနဲ့ အဲ့ဒီခရီးက တစ်ပတ်လောက်ကြာခဲ့ပါတယ်။ ဖမ်းမိမလိုလည်း ခဏခဏဖြစ်ခဲ့ပါတယ်။ တစ်ခါတော့ ကားကရပ်သွားပြီး တရုတ်ရဲတစ်ယောက် ကားပေါ်တက်လာတယ်။ ပြီးတော့ မှတ်ပုံတင်တွေစစ်တာပေါ့။ မေးခွန်းတွေလည်းမေးတယ်။ ကျွန်မမိသားစုက တရုတ်စကားနားမလည်တော့ အဖမ်းခံရမှာကြောက်နေခဲ့တာ။ ရဲအရာရှိ ကျွန်မမိသားစုနားရောက်တော့ ကျွန်မမတ်တပ်ရပ်လိုက်ပြီးတော့ သူတို့က ကျွန်မပြုစုနေတဲ့ ဆွံ့အနားမကြားတွေပါလို့ပြောလိုက်တာ မသင်္ကာအကြည့်နဲ့ကြည့်တာခံရသေးတယ်။ ကံကောင်းပြီးတော့ ကျွန်မကိုယုံသွားလို့ ကျွန်မတို့တွေလွတ်သွားခဲ့တာပါ။
ပြီးတော့ ကျွန်မတို့လာအိုနယ်စပ်အထိ ရောက်လာခဲ့တယ်။ ဒါပေမဲ့ ဖြစ်ချင်တော့လာအိုနယ်ခြားစောင့်ရဲတွေကို လာဘ်ထိုးဖို့ ကျွန်မပိုက်ဆံတွေက အဲ့ဒီမှာကုန်သလောက်ဖြစ်နေပြီ။ ဖြစ်ချင်တော့ ဒီနယ်စပ်ကိုဖြတ်ခွင့်ရပြီးမှပဲ ကျွန်မမိသားစုအဖမ်းခံရပြီး တရားမဝင်ဖြတ်သန်းမှုနဲ့ ထောင်ကျခံလိုက်ရတယ်။ ကျွန်မပိုက်ဆံပြန်ရှာပြီး ရဲတွေကိုလာဘ်ပြန်ထိုးပေးလိုက်မှ ကျွန်မမိသားစုလည်း တစ်လလောက်နဲ့လွတ်လာခဲ့တယ်။ မကြာပါဘူး လာအိုမှာသူတို့ထပ်အဖမ်းခံရပြီး ထောင်ကျသွားပြန်တယ်။
အဲ့ဒီအချိန်တွေက ကျွန်မဘဝရဲ့အဆိုးဆုံးအချိန်တွေပေါ့။ ကျွန်မမိသားစုလွတ်မြောက်ဖို့အတွက် ကျွန်မအတတ်နိုင်ဆုံးလုပ်နိုင်သမျှ ကြိုးစားခဲ့တယ်။ လွတ်မြောက်ခံနီးကျမှ တောင်ကိုရီးယားသံရုံးအနီးနားရောက်မှ ထောင်ကျခံလိုက်ရတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲစခန်းကြားမှာ အခေါက်ခေါက်အခါခါအသွားအပြန်လုပ်ပြီး မိသားစုဝင်တွေလွတ်အောင်ကြိုးစားခဲ့ရတယ်။ နောက်ဆုံးပေးစရာ ပိုက်ဆံလည်းကုန်တော့ မျှော်လင့်ချက်တွေအကုန်ပျက်ကုန်တယ်။
အဲ့ဒီအချိန်မှာ လူတစ်ယောက်ကကျွန်မကိုလာမေးတယ်။ ဘာပြဿနာဖြစ်လို့လဲ တဲ့။ ကျွန်မမသိတဲ့သူစိမ်းတစ်ယောက်က ကျွန်မကို ဂရုတစိုက်နဲ့မေးလို့ အံ့သြတောင်အံ့သြမိတယ်။ ကျွန်မရဲ့မတတ်တတတ်အင်္ဂလိပ်စကားနဲ့ အဘိဓာန်ကြည့်ရင်း ကျွန်မရဲ့ပြဿနာကို မဆိုင်းမတွရှင်းပြလိုက်ပါတယ်။ အဲ့ဒီမှာ အဲ့ဒီအမျိုးသားက ATM ကိုသွားပြီး ကျွန်မလိုတဲ့ပိုက်ဆံကိုထုတ်ပြီးပေးခဲ့တယ်။ သူက ကျွန်မ မိသားစုအပြင် တခြားမြောက်ကိုရီးယားလူနှစ်ယောက်အတွက်ပါ ပေးခဲ့ပါတယ်။
ကျွန်မလည်း ဝမ်းပမ်းတသာနဲ့ကျေးဇူးတင်စကားပြောခဲ့ရင်း ဘာလို့ကျွန်မကိုကူညီတာလဲ မေးခဲ့တာပေါ့။
သူကဘာပြန်ပြောလဲဆိုတော့ ကျွန်မကိုကူညီတာမဟုတ်ပါဘူးတဲ့။ မြောက်ကိုရီးယားပြည်သူတွေကို ကူညီတာပါတဲ့။ အဲ့ဒီမှာကျွန်မဘဝကို ရှာတွေ့ခဲ့ပါတယ်။ ကြင်နာတတ်တဲ့သူစိမ်းက ကျွန်မကိုရော၊ မြောက်ကိုရီးယားပြည်သူတွေအတွက် အလိုအပ်ဆုံးမျှော်လင့်ချက်အသစ်ကို ပြပေးခဲ့တာပါ။ ကျွန်မကို လူတစ်ယောက်ရဲ့ကြင်နာမှုရော နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီတွေက ကျွန်မတို့မြောက်ကိုရီးယားပြည်သူတွေလိုအပ်နေတဲ့ မျှော်လင့်ချက်အလင်းရောင်တွေဖြစ်တယ်ဆိုတာ မြင်သာအောင်ပြခဲ့တယ်။
ခရီးရှည်ကြီးကို ကျွန်မမိသားစုတွေဖြတ်သန်းပြီးတဲ့နောက် တောင်ကိုရီးယားမှာကျွန်မတို့တွေပြန်ဆုံဆည်းခဲ့ကြပါတယ်။ ဒါပေမဲ့ အပြည့်အဝလွတ်လပ်မှုတော့မရသေးပေမယ့် တစ်ဝက်တော့အောင်မြင်ခဲ့ပြီးပါပြီ။ မြောက်ကိုရီးယားပြည်သူတွေအများစုက မိသားစုတွေနဲ့ တစ်ကွဲတစ်ပြားစီနေကြရတယ်။ နိုင်ငံတစ်နိုင်ငံကိုရောက်ရင် ပိုက်ဆံနည်းနည်းပဲရှိကြတော့တယ်။ တချို့လည်းပိုက်ဆံမပါကြဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပညာသင်ထောက်ပံ့မှုတွေ၊ အင်္ဂလိပ်ဘာသာစကားသင်တန်း၊ အလုပ်အကိုင်သင်တန်းနဲ့စတဲ့ထောက်ပံ့မှုတွေက ကျွန်မတို့အတွက်အကျိုးကျေးဇူးတွေ ရပါတယ်။ ကျွန်မတို့က မြောက်ကိုရီးယားမှာကျန်နေခဲ့သူတွေနဲ့ ပြင်ပကမ္ဘာထဲကလူတွေကြားမှာ ပေါင်းကူးတံတားအနေနဲ့ရှိနေပေးနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြောက်ကိုရီးယားမှာမိသားစုတွေကျန်နေခဲ့တဲ့အတွက် အပြင်ရောက်နေတဲ့ကျွန်မတို့က သတင်းတွေ၊ ပိုက်ဆံတွေပို့ပေးကြတဲ့အခါ ဒါကလည်းမြောက်ကိုရီးယားကို အတွင်းစည်းထဲကနေ ပြောင်းလဲဖို့ ကူညီပေးသလိုပါပဲ။
ကျွန်မက အရမ်းကံကောင်းတဲ့အတွက် အကူအညီတွေရော၊ ခွန်အားတွေပါအများကြီးရခဲ့ပါတယ်။ ဒါတွေနဲ့ ကျွန်မက မြောက်ကိုရီးယားပြည်သူတွေအတွက် ပိုကောင်းတဲ့ဘဝတွေရဖို့ကူညီပေးချင်ပါတယ်။ မြောက်ကိုရီးယားပြည်သူတွေက ကမ္ဘာမှာရော ဒီ TED စင်မြင့်ပေါ်မှာပါ အောင်မြင်မှုတွေဆထပ်တပိုးရလာမယ်လို့လည်း ကျွန်မယုံကြည်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
*** Nothing to Envy သီချင်းက ကလေးသီချင်းတစ်ပုဒ်ဖြစ်ပြီး သီချင်းနာမည်အတိုင်း တခြားဘယ်နေရာကိုမှအားမကျဘူး မြောက်ကိုရီးယားက ကမ္ဘာပေါ်မှာနေချင်စဖွယ်အကောင်းဆုံးနေရာအဖြစ် ရေးသားစပ်ဆိုထားတဲ့ propaganda သီချင်းတစ်ပုဒ်ပါ။