နိုင်ငံတကာသတင်းတွေထဲမှာ အသက် ၇၀ ကျော်၊ ၈၀ ကျော်၊ ၉၀ ကျော်အဖိုးအဖွားတွေ ကျောင်းပြန်တက်ပြီး ဘွဲ့ယူတဲ့ပုံတွေမြင်တော့ အော်…သူတို့နိုင်ငံတွေကလူငယ်တွေအတွက်တင်မကဘူး လူကြီးတွေအတွက်ပါ တစ်သက်တာပညာရေးကိုတာဝန်ယူပေးတဲ့နိုင်ငံတွေပါလားလို့ တွေးမိသွားတယ်။ ကျွန်မတို့နိုင်ငံမှာတော့ အခြေခံပညာရေးပြီးမြောက်နှုန်းတောင် နပ်မမှန်တုန်းရှိသေးတယ်။ အဲ့လိုသတင်းတွေမြင်ရင် သူတို့နိုင်ငံတွေကို အားကျမိတာပေါ့။

ဒါပေမဲ့ လူကြီးတွေအတွက်ဒီလိုကျောင်းပြန်တက်ပြီး စာပြန်လေ့လာခွင့်က သူတို့ဆီမှာလည်းတက္ကသိုလ်၊ ကောလိပ်၊ ကျောင်းတိုင်းမှာ တက်လို့မရသေးပါဘူး။ ကျောင်းသားသစ်ခေါ်ယူတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်း သူ့ထက်ငါဦးစားပေးရမယ့်အရေးကိုပဲ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်းအပြိုင်အဆိုင်ခေါ်နေရတဲ့အတွက် သက်ကြီးပိုင်းတွေအတွက်ဆို ဝင်ခွင့်လူဦးရေကလည်း ကျောင်းပေါ်မူတည်ပြီး ချွင်းချက်တွေရှိတတ်ပါတယ်။

နိုင်ငံတကာမှာက အသက် ၅၀ ကျော်၊ ၆၀ ကျော်လာရင်အငြိမ်းစားယူပြီးအနားယူတဲ့သူကယူ၊ တချို့ကျတော့ ကျန်းမာရေးလည်းကောင်းတယ် အချိန်တွေကလည်းအများကြီးပိုသွားပြီဆိုတော့ ဘဝမှာသူတို့မပြီးမြောက်သေးတဲ့အရာတွေ၊ အသစ် အသစ်သောပညာတွေပြန်သင် ပြန်တက်ချင်လာတဲ့အခါ သူတို့ရွေးချယ်တက်လို့ရတဲ့ တက္ကသိုလ်၊ ကောလိပ်တွေလိုက်ရှာကြပါတယ်။ ပညာသင်ရင်းနဲ့ ငယ်ရွယ်တဲ့အချိန်တုန်းကလို သူတို့ရဲ့ဘဝကိုပြန်ပြီးအသက်ဝင်ချင်လာကြတယ်လို့ ထင်ပါတယ်။

Advertisements

အမေရိကန်ပြည်ထောင်စုက အသက် ၉၀ အရွယ်အဖိုး Ronald Gilroy ဆိုရင် အသက် ၇၃ နှစ်မှ သူ့ရဲ့အထက်တန်းပြီးဆုံးကျောင်းလက်မှတ်ကို ရခဲ့တာပါ။ ငယ်စဉ်က ဒုတိယကမ္ဘာစစ်အတွင်း ကျောင်းတစ်ဝက်တစ်ပျက်နဲ့ စစ်ထဲဝင်ခဲ့ပြီး စစ်ကြီးပြီးသွားတာတောင် အဖိုး Ronald Gilroy ကနောက်ထပ် ၁၀ နှစ်တပ်ထဲမှာဆက်လက် အမှုထမ်းခဲ့ပါတယ်။ နောက်တော့အိမ်ထောင်ကျပြီး ကလေးတွေပျိုးထောင်ဖို့ကြိုးစားနေရတာနဲ့ ပညာရေးနဲ့အလှမ်းဝေးခဲ့ပါတယ်။ သူအနားယူချိန်မှာ မပြီးဆုံးခဲ့တဲ့သူ့ရဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ မိသားစုကိုပြောပြီး မိသားစုရဲ့အားပေးမှုနဲ့ နောက်ဆုံးသူပြီးမြောက်ချင်ခဲ့တဲ့အထက်တန်းပြီးဆုံးကြောင်းဘွဲ့ကို အရယူနိုင်ခဲ့ပါတယ်။ ကျောင်းရဲ့ပံ့ပိုးမှုလည်း တစ်စိတ်တစ်ပိုင်းပါရတာပေါ့။

ဒီလိုနဲ့ နိုင်ငံတကာကျောင်းတချို့မှာ ကျောင်းပြန်တက်လာတဲ့သက်ကြီးကျောင်းသားတွေအတွက် အစီအစဉ်တွေကို ကျောင်းတာဝန်ရှိသူတွေ၊ ကျောင်းကော်မတီတွေကနေ ပံ့ပိုးမှုတွေဆက်တိုက်လုပ်လာကြပါတယ်။ လူကြီးနဲ့ လူငယ်ကြားက မတူညီတဲ့ရည်ရွယ်ချက်တွေနဲ့တူညီတဲ့လမ်းတစ်ခုထဲကို လျှောက်ကြတဲ့ဒီလူတွေအားလုံးကို နိုင်ငံတကာတက္ကသိုလ်တွေ၊ ကောလိပ်ကြီးတွေက အမျိုးမျိုးသောချဉ်းကပ်မှုတွေနဲ့သူတို့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားပေးခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ University of Minnesota ကနေ UMAC (University of Minnesota Advanced Careers Initiative) အစီအစဉ်တစ်ခုကို သက်ကြီး-သက်ငယ်ကျောင်းသားတွေအတွက်ရည်ရွယ်ပြီး စတင်ခဲ့ပါတယ်။ လူကြီး၊ လူငယ်အားလုံးက အတန်းတစ်တန်းထဲပူးပေါင်းသင်ကြားကြတဲ့အခါ မတူညီတဲ့အမြင်တွေထွက်လာခဲ့ပြီး ပုံမှန်သင်ကြားတဲ့ classroom တစ်ခုထက်ပိုပြီး လေ့လာစရာတွေ၊ ဆွေးနွေးစရာတွေ အများကြီးထွက်လာခဲ့ပါတယ်။ သူတို့ကတော့ ဒါက multigenerational learning လို့ခေါ်ကြပါတယ်။ ပုံမှန်အားဖြင့် အငြိမ်းစားယူပြီးမှကျောင်းပြန်တက်ကြတဲ့လူကြီးတွေနဲ့ သက်ကြီးကျောင်းသားတွေကို သီးသန့်အတန်းတစ်တန်းခွဲသင်ကြတာရှိပေမယ့် ဒီ program က သင်ကြားရေးအသစ်တစ်ခုနဲ့ အကောင်အထည်ဖော်ရင်း အကျိုးကျေးဇူးတွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ တက္ကသိုလ်ဘွဲ့ရတွေအတွက် ဖွင့်လှစ်သင်ကြားပေးတဲ့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်က ဒီပလိုမာသင်တန်းတွေမှာလည်း အဲ့လိုအတွေ့အကြုံတွေရဖူးတဲ့သူတွေရှိမှာပါ။ ဒါပေမဲ့ တူညီသယောင်ရှိပေမယ့် မတူညီပါဘူး။ သူတို့မှာက သင်ကြားရေးအတွက်သုတေသနအနေနဲ့ထားပြီး ဒီအုပ်စုနှစ်ခုရဲ့တိုးတက်မှု၊ ရလဒ်ကို ဆန်းစစ်ပြီး ပိုကောင်းတဲ့ချဉ်းကပ်မှုကိုရှာကြတာပါ။ မြန်မာနိုင်ငံမှာတော့ ဒီပလိုမာလက်မှတ်တစ်ခုအတွက်သာသာပါပဲ။

Advertisements

UMAC ရဲ့အလားတူအစီအစဉ်မျိုးကို ဟားဗက်တက္ကသိုလ်က Advanced Leadership Initiative အဖြစ် ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ဖူးပါတယ်။ အနည်းဆုံးလုပ်သက် ၂၀ ကျော်ရှိတဲ့လူကြီးပိုင်းတွေကို လူငယ်တွေနဲ့ရောပြီး class တွေ၊ seminar တွေအတူတက်ပြီး စီမံချက်တစ်ခုကို အတူတကွအကောင်အထည်ဖော်ခိုင်းခဲ့တဲ့ အစီအစဉ်တစ်ခုမျိုးပါ။ ဒီသင်တန်းကနေ အဖွဲ့အစည်းတစ်ခု၊ ဖောင်ဒေးရှင်းတစ်ခုအထိဖြစ်အောင် လူ့အဖွဲ့အစည်းကိုပြောင်းလဲဖို့ ကြိုးစားခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပဲ Stanford နဲ့ Texas တက္ကသိုလ်တွေမှာလည်း အလားတူအစီအစဉ်တွေကို အကောင်အထည်ဖော်ခဲ့ကြပါသေးတယ်။ နိုင်ငံတကာတက္ကသိုလ်ကြီးတွေက ဒီအတွက်ကို သီးသန့်ရန်ပုံငွေ၊ သီးသန့်စီမံချက်တွေနဲ့ ပညာရေးပုံစံသစ်တစ်ခုကို စမ်းသပ်ဖော်ဆောင်ခဲ့ကြတာ ဆယ်စုနှစ်တစ်ခုတော့ရှိလာပါပြီ။ ဒါကိုကြည့်မယ်ဆိုရင် ဒီဘက်ခေတ်နောက်ပိုင်း ပညာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်တဲ့အခါ ဆယ်ကျော်သက်အရွယ်ကနေ အသက် ၈၀ ကျော်အရွယ်အထိ ခြုံငုံမိတဲ့ပညာရေးစနစ်တစ်ခုကို ဘယ်လိုလုပ်ဆောင်ကြမလဲ ထည့်စဉ်းစားရမယ့်အချိန်တန်ပြီဆိုတာပြောတာနဲ့ အတူတူပါပဲ။

ဒါပေမဲ့ ကျွန်မတို့နိုင်ငံမှာက အစိုးရရဲ့ဖရိုဖရဲပညာရေး၊ အစမ်းသပ်ပညာရေးအဆင့်ကနေ ၂၀၂၀ ကိုဗစ်ကာလနောက်ပိုင်းကစပြီး ပညာရေးက ဟိုး…အောက်ဆုံးထိရောက်သွားခဲ့ပါတယ်။ ကိုဗစ်နဲ့အတူ အာဏာရှင်တစ်စုရဲ့လုပ်ရပ်တွေကြောင့် ၂၀၂၁ မှာ ပညာရေးကဏ္ဍကအောက်ဆုံးအဆင့်ကို ထပ်ဆင်းသွားပြန်ပါတယ်။

ဒါကြောင့်ပြည်သူ့အစိုးရသစ်နဲ့အတူ ပြန်တည်ထောင်ရမယ့်ကဏ္ဍထဲမှာ ပညာရေးကဏ္ဍကလည်း အရေးကြီးဆုံးထဲပါပါတယ်။ ဖက်ဒရယ်အစိုးရသစ်တက်လာတဲ့အခါ နိုင်ငံပြန်လည်တည်ဆောက်ရေးအခြေအနေကြောင့် ဖွံ့ဖြိုးကြီးနိုင်ငံတွေကလို သက်ကြီးပညာရေးအတွက်ကနဦးစီမံကိန်းတွေလုပ်နိုင်ဦးမယ် မထင်ပေမယ့် ပြန်လည်တည်ဆောက်ရေးအားကောင်းပြီး စီးပွားရေး၊ လူမှုရေးကဏ္ဍ အစစအရာရာအဆင်ပြေလာတဲ့အခါ အသက် ၆၀ နဲ့အထက်လူကြီးတွေရဲ့တစ်သက်တာပညာရေးအတွက်လည်း ဒီလိုအစီအစဉ်တွေ လုပ်ပေးစေချင်ပါတယ်။

လက်ရှိမှာတော့ ကျွန်မတို့နိုင်ငံက ကလေးတွေရဲ့အနာဂတ်အတွက်တောင် ခိုင်မာတဲ့ပညာရေးမူဝါဒတွေ၊ စီမံကိန်းတွေ ရေရှည်လုပ်ရမယ့်စီမံချက်တွေ အများကြီးလိုအပ်နေသေးတုန်းပဲ။ ဒီထဲမှာ ဆရာ၊ ဆရာမတွေရဲ့အခန်းကဏ္ဍကလည်း အင်မတန်မှအရေးကြီးပါတယ်။

Advertisements

ကျွန်မတို့တွေ ဒီလိုခက်ခဲနေတဲ့တစ်ချိန်တည်းမှာပဲ နိုင်ငံတကာမှာတော့ အနာဂတ်အဆင့်မြင့်ပညာရေးကဏ္ဍအတွက် အသက်အရွယ်မရွေးတက်နိုင်တဲ့တက္ကသိုလ်တွေ တဖြည်းဖြည်းများလာအောင်လုပ်ဆောင်ဖို့ ပညာရှင်တွေက တိုက်တွန်းလုပ်ဆောင်နေကြပါတယ်။ အသက် ၁၈ အောက်ဆယ်ကျော်သက်တွေကို ပိုလက်ခံတာထက် အသက် ၆၅ နှစ်အထက် လူကြီးတွေကို ပိုလက်ခံပေးပြီး သင်ကြားနည်းစနစ်တွေပြောင်းလဲဖို့ သူတို့တွေတောင်းဆိုနေကြပါတယ်။

ကျွန်မတို့နိုင်ငံမှာတော့ ရွှေပြည်တော်ဝင်ဖို့ ဆယ်ကျော်သက်လူငယ်တွေ၊ အသက် ၂၀ ကျော် ၊ ၃၀ ကျော်လူငယ်တွေက စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေအစား တောထဲမှာ၊ ထောင်ထဲမှာ လူမသိ၊ သူမသိအသက်တွေစွန့်ရင်း နိုင်ငံကို ကယ်တင်ပေးနေရပါတယ်…။

အနာဂတ်မြန်မာနိုင်ငံရဲ့ပညာရေးအတွက် လူငယ်တွေကသူတို့ရဲ့အသွေးအသားနဲ့ရင်းပြီး တည်ဆောက်နေတဲ့နိုင်ငံကြီးကို လူကြီးတွေက ပိုပြီးအားတက်သရောဝိုင်းဝန်းကူညီပေးမယ်ဆိုရင်တော့ တချိန်မှာပိုကောင်းတဲ့နိုင်ငံသစ်ကြီးနဲ့ အသက်အရွယ်အားလုံးအတွက်ခြုံငုံမိတဲ့ပညာရေးစနစ်ကြီးတစ်ခု ပေါ်ပေါက်လာနိုင်မှာပါလို့ မျှော်လင့်ရင်းနဲ့ရေးသားလိုက်ရပါတယ်။

Written by Scholarship Announcements

Ref: Stanford Social Innovation Reivew, Long-Life Learning and the Age-Integration of Higher Education

Advertisements

Leave a comment