ကျွန်မစာကြည့်တိုက်အကြောင်းရေးရင်း ဘယ်နိုင်ငံကစာကြည့်တိုက်တွေက ဘယ်လောက်ခမ်းနားတာ၊ စာအုပ်ပေါင်း ဘယ်လောက်စုံတာ၊ အဆောက်အဦးကဘယ်လိုဖြစ်တာတွေပဲရေးနေလို့ စာကြည့်တိုက်တည်ထောင်ဖို့ဆို အကုန်အကျများပြီး ထိန်းသိမ်းရခက်မယ်လို့ မတွေးစေချင်ပါဘူး

စာကြည့်တိုက်ဆိုတာ အသက်အရွယ်မရွေး လူသားတိုင်းအတွက် ဉာဏ်အသိပညာတွေ အများကြီးထည့်ထားတဲ့ရတနာသေတ္တာလေးလိုပါပဲ။ ဘယ်သူပဲလာဖွင့်ဖွင့် ဖွင့်တဲ့သူပဲရတနာတွေရမှာပါ။ သေတ္တာလေးကို အပြင်ပန်းကြည့်ပြီး အထဲမှာဘာရှိလဲပြောဖို့ခက်သလို စာကြည့်တိုက်လေး သေးသေးလေးဆိုပြီး အထင်သေးလို့လည်းမရပါဘူး။ ဒီသေးသေးလေးရဲ့အင်အားက ခန့်မှန်းလို့မရအောင်ကြီးနိုင်ပါတယ်။

Advertisements

ဟိုတလောက စက်ဘီးလေးနဲ့စာအုပ်ရောင်းတဲ့ညီမလေးတစ်ယောက်ကို တွေ့တော့ ကျွန်မတို့မှာလည်း ဒီလိုရတနာသေတ္တာလေးတွေများလာရင်ကောင်းမယ်လို့ တွေးမိခဲ့ပါတယ်။ စာဖတ်တဲ့ဓလေ့က ကျွန်မတို့လူငယ်တွေကြားထဲ တိုးလာလေလေ ဒီလိုရတနာသေတ္တာလေးတွေပိုများလာလေဖြစ်သလို၊ ဒီလိုရတနာသေတ္တာလေးတွေကို စိတ်ဝင်စားဖို့ကောင်းတဲ့သေတ္တာလေးတွေအဖြစ်ဖန်တီးပြီး စာဖတ်တဲ့သူတွေများလာအောင်လည်း ဆွဲဆောင်လို့ရပါတယ်။

ဒီအကြောင်းပြောရင် ပြောချင်တာကများလို့ပြီးမှာမဟုတ်တော့ လိုရင်းကိုပဲပြန်သွားမယ်နော်။ ကမ္ဘာပေါ်မှာ ခမ်းနားကြီးမားတဲ့ စာကြည့်တိုက်ကြီးတွေရှိသလို စာတိုက်ပုံးဆိုဒ်လောက်ပဲရှိတဲ့ အသေးဆုံးစာကြည့်တိုက်လေးတွေလည်းရှိခဲ့ပါတယ်။

ယူကေက တယ်လီဖုန်းရုံစာကြည့်တိုက်လေးများ

ဥရောပနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေသွားရင် အများပြည်သူသွားလာနေတဲ့နေရာတွေမှာ စာအုပ်ဖတ်နေတဲ့သူတွေကို အမြဲတွေ့ရမှာပါ။ ဒီလိုစာသိပ်ဖတ်ကြတဲ့သူတွေက နောင်လာနောင်သားလူငယ်တွေအတွက် အိုင်ဒီယာဆန်းဆန်းစာကြည့်တိုက်လေးလည်း အများကြီးလုပ်ပေးကြပါတယ်။

Advertisements

နာမည်အကြီးဆုံးကတော့ တယ်လီဖုန်းရုံအနီရောင်လေးတွေကို စာကြည့်တိုက်အဖြစ်ပြောင်းလဲဖွင့်လှစ်ပေးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီထဲမှာ အသေးဆုံးဖုန်းရုံစာကြည့်တိုက်လေးကတော့ ဒီပုံမှာမြင်ရတဲ့စာကြည့်တိုက်လေးပါ။ ကလေးက ပုံမှန်ဆိုရင် ဒီရှေးဟောင်းဖုန်းရုံလေးကိုဘာမှန်းမသိကျော်သွားတတ်ကြလို့ ကလေးတွေသတိထားမိအောင်ဆိုပြီး ဒီ project ကိုလုပ်ခဲ့တယ်လို့သိရပါတယ်။

Advertisements

စာကြည့်တိုက်ပုံးငယ်များစွာဖွင့်လှစ်ထားတဲ့ Little tree library ဆိုရင်လည်း သူ့ရဲ့သက်တမ်းအရင့်ဆုံး စာကြည့်တိုက်လေးအဖြစ် နှစ်ပေါင်း ၁၁၀ ကျော်သက်တမ်းရှိတဲ့သစ်ပင်ကြီးထဲမှာ ဒီစာကြည့်တိုက်လေးကိုဖွင့်လှစ်ခဲ့ပါတယ်။

ကနေဒါက အသေးဆုံးစာကြည့်တိုက်

ကနေဒါနိုင်ငံသားတစ်ယောက်ဖွင့်ထားတဲ့ စာအုပ်ပေါင်း ၁၈၀၀ ကျော်နဲ့ ၁၁ ပေပတ်လည်ပဲရှိတဲ့စာကြည့်တိုက်လေးက ကနေဒါနိုင်ငံရဲ့အသေးဆုံးစာကြည့်တိုက်အဖြစ် ကမ္ဘာ့မှတ်တမ်းထဲဝင်ခဲ့ပါတယ်။ ဒီအသေးဆုံးစာကြည့်တိုက်လေးမှာ တစ်သက်တာမန်ဘာဝင်ကြေးကတော့ ၅ ဒေါ်လာပါတဲ့။ Prince Edward Island ကျွန်းမှာဖွင့်ထားတဲ့ ဒီစာကြည့်တိုက်လေးက ပကာသမတွေဘာမှမပါပေမယ့် သူတတ်နိုင်တဲ့ဘက်ကနေ ကျွန်းမှာနေထိုင်နေတဲ့သူတွေအတွက် အကြီးမားဆုံးပံ့ပိုးမှုတွေပေးခဲ့တာပါ။

Advertisements

ခွေးအိမ်စာကြည့်တိုက်

အမေရိကန်ပြည်ထောင်စု Brooklyn က Williamsburg မှာလမ်းပေါ်မှာ Corner Library လေးတစ်ခုရှိပါတယ်။ အဲ့ဒီစာကြည့်တိုက်လေးကို Colin McMullan က ခွေးအိမ်ငယ်လေးကို တံခါးတွေ၊ စာအုပ်ထားတဲ့စင်လေးတွေပြန်ရိုက်ပြီး အလှဆင်ဖန်တီးထားတာပါ။ စာကြည့်တိုက်အနီးတစ်ဝိုက်က နေထိုင်သူတွေဖတ်လို့ရအောင်ထားပေးတာဖြစ်ပြီး စာအုပ်ဌားဖတ်ချင်တယ်ဆိုရင် အရင်ဆုံးစာကြည့်တိုက်ကဒ်အရင်လုပ်ရပါတယ်။ စာကြည့်တိုက်ကဒ်မှာ စာကြည့်တိုက်ကိုဖွင့်ဖို့ code လေးပေးထားပါတယ်။ စာအုပ်ဌားဖတ်တဲ့သူက အဲ့ဒီ code အတိုင်းဖွင့်ပြီး ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို ယူဖတ်လို့ရပါတယ်။ သတ်မှတ်ရက်ပြည့်ရင် ပြန်အပ်ပေးတဲ့စနစ်နဲ့ စာအုပ်တွေကို ဌားရမ်းပေးတာပါ။

အီတလီက အသေးဆုံးသုံးဘီးကားစာကြည့်တိုက်

အီတလီနိုင်ငံသားကျောင်းဆရာဟောင်းတစ်ဦးက အငြိမ်းစားယူပြီးတဲ့နောက် သူ့နိုင်ငံတစ်ဝှမ်းကို စာအုပ်အပြည့်တင်ထားတဲ့ သုံးဘီးကားတစ်စီးနဲ့ပတ်ပြီး တစ်မြို့ဝင်တစ်မြို့ထွက်ကာ ကလေးငယ်တွေ၊ လူငယ်တွေ စာဖတ်ဝါသနာပါသူတွေအတွက် ရွေ့လျားစာကြည့်တိုက်အဖြစ်လိုက်လံဖွင့်လှစ်ပေးခဲ့ပါတယ်။ သူ့ရဲ့ဒီအစီအစဉ်ကို စိတ်ဝင်စားသူများပြားခဲ့ပြီး ကလေးငယ်တွေက သူ့သုံးဘီးကားလာရင် သွားရောက်ဌားရမ်းကြသလို၊ စာအုပ်လာဖတ်တဲ့သူတွေလည်းအများကြီးရှိပါတယ်။

Advertisements

ပီနန်းက စွန့်ပစ်ဖုန်းရုံစာကြည့်တိုက်များ

နိုင်ငံတကာက ဖုန်းရုံစာကြည့်တိုက်လေးတွေလိုပဲ မလေးရှားနိုင်ငံ ပီနန်းမှာလည်း စွန့်ပစ်ထားတဲ့ဖုန်းရုံတွေကို ပြန်လည်ပြုပြင်ထားတဲ့ အရောင်စုံ public library လေး(၃)ခုလေးရှိပါတယ်။ Penggerak Komuniti Muda (PEKA) နဲ့ MBPP တို့ပူးပေါင်းလုပ်တဲ့ ဒီစာကြည့်တိုက်ပရောဂျက်မှာ မသုံးတော့တဲ့ဖုန်းရုံတွေကိုပြုပြင်ပြီး စာအုပ်၊ ဂျာနယ်၊ မဂ္ဂဇင်းတွေထားရှိပေးကာ ပြည်သူတွေအရိပ်ခိုအနားယူရင်း စာဖတ်နိုင်အောင်လုပ်ပေးခဲ့ကြပါတယ်။

Leave a comment