နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့စီစဉ်နေကြတဲ့လူငယ်တွေကြားမှာ အပြောများနေကြတဲ့ GED နဲ့ IGCSE စာမေးပွဲ ဘာတွေကွာခြားလဲ၊ ကိုယ်လျှောက်ချင်တဲ့ နိုင်ငံခြားတက္ကသိုလ်တွေက ဘယ်လက်မှတ်ကို လက်ခံတတ်ကြလဲဆိုတာ ဒီတစ်ပတ်အတွက်ပြောပြပေးဖို့ ရွေးချယ်ထားပါတယ်။
၂၀၂၁ နောက်ပိုင်း ကျွန်မတို့နိုင်ငံကလူငယ်တွေ တော်တော်များများအနေနဲ့ ပညာတစ်ပိုင်းတစ်စဖြစ်နေတာတွေ ၊ လက်ရှိအဆင့်မြင့်ပညာရေးအပေါ်မှာ မယုံကြည်မှုတွေ၊ ပြည်တွင်းမှာအလုပ်အကိုင်ရှားပါးမှုတွေက နိုင်ငံရပ်ခြားပညာသင်ကြားတဲ့ဘက်ကို ပိုတွန်းပို့နေတဲ့အဓိကအချက်တွေဖြစ်နေတယ်လို့ ထင်ပါတယ်။
ဒါကြောင့် နိုင်ငံတကာပညာရေးဘက်ဆက်သွယ်မယ့်သူတိုင်း သိထားသင့်တဲ့ ဒီစာမေးပွဲနှစ်ခုအကြောင်းကို ခြုံငုံဖော်ပြလိုက်ပါတယ်။
GED ဆိုတာ ဘာလဲ?
GED ဆိုတာ လွယ်လွယ်ပြောရရင် အမေရိကန်အထက်တန်းပြီးဆုံးကျောင်းလက်မှတ်နဲ့ညီတဲ့ အသိအမှတ်ပြုလက်မှတ်ပါ။ အမေရိကန်ပြည်ထောင်စုမှာ ကောလိပ်တက်မယ့်သူတွေ ဒါမှမဟုတ် GED လက်မှတ်ကို လက်ခံတဲ့ တခြားသောနိုင်ငံတကာတက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ဝင်ခွင့်လျှောက်မယ့်သူတွေနဲ့ ဆိုင်တဲ့ အောင်လက်မှတ်ပါ။
IGCSE ဆိုတာကရော ဘာလဲ?
GCSE ဆိုတာ ယူကေအထက်တန်းပြီးဆုံးကျောင်းလက်မှတ်ပါ။ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေ ဖြေရတဲ့အောင်လက်မှတ်မျိုးကိုတော့ IGCSE လို့ခေါ်ပါတယ်။ ဆိုလိုချင်တာက ပြင်ပကျောင်းသားတွေ ယူကေမှာ ကောလိပ်၊ တက္ကသိုလ်တက်ဖို့ဆိုရင် IGCSE လက်မှတ်နဲ့ ဝင်ခွင့်လျှောက်ပြီး တက်လို့ရတယ်လို့ ဆိုလိုတာပါ။
GED နဲ့ IGCSE က ဘာသာရပ်ဘယ်နှစ်ခုစီဖြေရလဲ?
စာမေးပွဲနှစ်ခုထဲမှာ အချိန်ကုန်သက်သာတဲ့ ဖြတ်လမ်းသဘောမျိုးဖြစ်တဲ့စာမေးပွဲကတော့ GED လို့ပြောရမှာပါ။ GED မှာ ဘာသာရပ် (၄) ခုဖြေဆိုရပြီးတော့ IGCSE ကတော့ အနည်းဆုံး (၅) ဘာသာဖြေဆိုအောင်မြင်ထားဖို့ လိုပါတယ်။
GED မှာ ဖြေဆိုရတဲ့ဘာသာရပ် (၄) ခုတွေက Mathematical Reasoning ၊ Reasoning Through Language Arts ၊ Social Studies နဲ့ Science ဘာသာရပ်တွေပါ။ IGCSE မှာကျတော့ ဘာသာရပ်ပေါင်း (၇၀) ကျော်ရှိတဲ့အထဲက ဝင်ခွင့်လိုအပ်ချက်ပေါ်မူတည်ပြီး အနည်းဆုံး (၅) ဘာသာဖြေဆိုဖို့လိုပါတယ်။ A Level မှာ ရွေးချယ်စရာဘာသာရပ်ပိုများပါတယ်။ စာလိုက်နိုင်တဲ့ကျောင်းသား ကျောင်းသူတွေအနေနဲ့ တက္ကသိုလ်ကောင်းကောင်းရွေးချင်တယ်ဆိုရင် A Level ကဘာသာရပ်တွေထဲက အနည်းဆုံး (၃) ခုလောက်ပြီးထားဖို့ လိုပါမယ်။
စာမေးပွဲဖြေရင် ဘယ်လောက်ကုန်မလဲ?
GED အတွက်ဆိုရင် တစ်ဘာသာကို USD 75 ကုန်ကျပြီး ပြင်ဆင်မှုအပိုင်းအတွက်ကတော့ ကျောင်းသားတစ်ဦးချင်းစီအလိုက် ကွဲပြားသွားပါတယ်။ စာအုပ်တွေရှာပြီး ကိုယ့်ဘာသာလည်း လေ့လာပြီးဖြေဆိုလို့ရပါတယ်။
IGCSE ကတော့ နိုင်ငံအလိုက်၊ ဘာသာရပ်အလိုက်ဈေးနှုန်းတွေ မတူကြပါဘူး။ အသေးစိတ်ကို British Council Myanmar ဝက်ဆိုက်မှာ ရှာကြည့်လို့ရပါတယ်။
စာမေးပွဲနှစ်ခုလုံးမှာ အားနည်းချက်၊ အားသာချက်တွေက ဘာလဲ?
အရင်ဆုံး GED အတွက်ဆိုရင်တော့ ခုနကပြောထားသလိုပဲ သူကဖြတ်လမ်းလိုဖြစ်တော့ ပိုမြန်တယ်။ ဘာသာရပ် (၄) ခုတည်းမို့ ပြင်ဆင်ချိန်ကလည်း (၄) ၊ (၅) လလောက်သေချာလေး ပြင်ဆင်ထားရင် စာလိုက်နိုင်တဲ့သူတွေဆို ကောင်းကောင်းဖြေနိုင်ပါတယ်။ ကိုယ်ဖြေလို့မှ မအောင်မြင်သေးရင် ဘာသာရပ်တစ်ခုကို နောက်ထပ် (၃) ကြိမ် ထပ်ဖြေလို့ရတယ်။ အဲ့ဒါကပဲ သူ့အားနည်းချက်ပုံစံ ဖြစ်သွားမလားတော့မသိဘူး တချို့တက္ကသိုလ်တွေက GED ဆိုရင် အမှတ်စာရင်းပါကြည့်ပါတယ်။ ရလဒ်ကောင်းမှ ဝင်ခွင့်ရတတ်ပါတယ်။ တချို့တက္ကသိုလ်တွေဆိုလည်း GED လက်မှတ်နဲ့ တက္ကသိုလ်တိုက်ရိုက်ဆက်တက်လို့ မရတာတွေလည်းရှိတယ်လို့ ကြားဖူးပါတယ်။ ဒီလိုဆိုရင်တော့ ကောလိပ်မှာ (၂)နှစ်တက်၊ ပြီးမှ University ဆက်ပြောင်းရင်လည်း ရပါတယ်။
IGCSE ဆိုရင်တော့ တကယ့်ယူကေတက္ကသိုလ်တွေ၊ နိုင်ငံတကာတက္ကသိုလ်တော်တော်များများက လက်ခံတဲ့ exam တစ်ခုဖြစ်တဲ့အတွက် ပိုကောင်းပါတယ်။ နိုင်ငံတကာပညာရေးဆက်သွားမယ့်သူတွေအတွက် သေချာတဲ့ ရွေးချယ်မှုတစ်ခုပါ။ ဒါပေမဲ့ ရွေးစရာဘာသာရပ်တွေ အရမ်းများပါတယ်။ ဖြေမယ့်သူက ကိုယ်တက်ချင်တဲ့ကျောင်းနဲ့ ဘာသာရပ်ကို သေချာစုံစမ်းပြီးမှ ဘာသာရပ်တွေရွေးချယ်ဖြေဆိုသင့်ပါတယ်။ မြန်ဖို့အဓိကမဟုတ်ဘဲ ရလဒ်ကောင်းဖို့က အဓိကဖြစ်တဲ့စာမေးပွဲမျိုးပါ။ ဒါမှ အချိန်ကုန်၊ လူပင်ပန်းမဖြစ်ရမှာပါ။ ရန်ကုန်မှာလည်း IGCSE အတွက်ပြင်ဆင်ပေးတဲ့ စင်တာတွေအများကြီးရှိပါတယ်။ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးမှ ပြင်ဆင်ဖို့အကြံပေးချင်ပါတယ်။
*** Scholarship Announcements မှ ရေးသားဖော်ပြပါသည်။