Zainab Salbi က အီရတ်မှာမွေးပြီး အီရတ်စစ်ပွဲထဲမှာ ကြီးပြင်းခဲ့တဲ့သူပါ။ မွေးရပ်မြေက ထွက်လာပြီးတော့ Women for Women International ကိုတည်ထောင်ပြီး စစ်ပွဲကြောင့် တစာခံဖြစ်ခဲ့ရတဲ့အမျိုးသမီးတွေကို ကူညီစောင့်ရှောက်ပေးပြီး ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေရဲ့အသံကို ကမ္ဘာကို မျှဝေပေးနေတဲ့ Activist တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းနဲ့ စစ်နဲ့ငြိမ်းချမ်းရေးအကြောင်းကို TED Talk မှာ ၂၀၁၀ ခုနှစ်တုန်းက ၁၅ မိနစ်ဝန်းကျင်စာ ပြောကြားသွားပါတယ်။ အခုရေးသားထားတဲ့စာကတော့ အဆိုပါဗီဒီယိုဖိုင်ကို ဘာသာပြန်ဆိုထားတဲ့ ဆောင်းပါးပဲဖြစ်ပါတယ်။

Advertisements

Translate by Scholarship Announcements
ညလယ်ခေါင်ကြီး ကျယ်လောင်လွန်းတဲ့ပေါက်ကွဲသံကြောင့် ကျွန်မနိုးလာခဲ့တယ်။ ညဉ့်ကလည်း တော်တော်နက်နေပြီ။ ဘယ်အချိန်လဲတောင် ကျွန်မ မမှတ်မိတော့ဘူး။ ကျွန်မမှတ်မိတာက အသံတော်တော်ကျယ်ပြီးတော့ တော်တော်လေးလန့်စရာကောင်းတာပဲ။ အခန်းထဲက ပစ္စည်းတွေလည်း ယိမ်းထိုးနေတယ်။ ကျွန်မနှလုံးခုန်သံရော၊ တံခါးပေါက်တွေရော၊ အိပ်ယာရော အားလုံးတုန်နေတယ်။ ပြတင်းပေါက်ကနေ လှမ်းကြည့်တော့ ပေါက်ကွဲမှုတစ်စိတ်တစ်ပိုင်းလောက်ကို မြင်လိုက်ရတယ်။ ရုပ်ရှင်ထဲကလိုပဲ။ ဒါပေမဲ့ ကျွန်မမြင်လိုက်ရတဲ့ပုံက ရုပ်ရှင်တွေတောင် ဒီလောက်ပြင်းအားကောင်းတဲ့ပုံမျိုးနဲ့ ဖော်ပြဖူးမှာမဟုတ်ဘူး။ အနီရောင်၊ လိမ္မော်ရောင် ၊ မီးခိုးရောင်တောက်လွန်းအားကြီးတဲ့ ပေါက်ကွဲမှုကြီး။ ဒီမြင်ကွင်းကို ပျောက်သွားတဲ့အထိ ရပ်ကြည့်နေခဲ့မိတယ်။ ပြီးတော့ အိပ်ယာဆီပြန်သွားပြီး ဆုတောင်းခဲ့တယ်။ ကျွန်မမိသားစုအိမ်ကို အဲ့ဒီဗုံးမကျရောက်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို ဘုရားသခင်ဆီ တိတ်တိတ်လေး ဆုတောင်းခဲ့မိတယ်။ အဲ့ဒီညက ကျွန်မမိသားစု အသတ်မခံရတဲ့အတွက် ဆုတောင်းခဲ့တာပေါ့။ ကျွန်မလေ အနှစ် (၃၀) ကြာပြီးတဲ့အထိ အဲ့ဒီညကဆုတောင်းကို နောင်တရနေတုန်းပဲ။ ဗုံးပေါက်ပြီးနောက်တစ်နေ့မှာ ကျွန်မပြန်ကြားမိတာက အဲ့ဒီဗုံးက ကျွန်မအစ်ကိုရဲ့သူငယ်ချင်းအိမ်ပေါ်ကျပြီး ပေါက်ကွဲခဲ့ပြီးတော့ အဲ့ဒီညမှာတင် သူနဲ့ သူ့အဖေအသက်ကိုယူသွားခဲ့လို့ပါ။ အမေဖြစ်သူနဲ့ ညီမဖြစ်သူတို့ပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။ အစ်ကို့သူငယ်ချင်းရဲ့အမေက တစ်ပတ်လောက်အကြာမှာ အစ်ကိုတို့ကျောင်းခန်းထဲကိုလာပြီး အသက် (၇) နှစ်အရွယ် သေဆုံးသွားတဲ့သူ့သားရဲ့ဓာတ်ပုံလေးများရှိရင် သူ့ကိုပေးပါလို့ လာတောင်းခဲ့တယ်။ ဒီပေါက်ကွဲမှုကြီးကြောင့် ဓာတ်ပုံလေးတောင်မကျန်ဘဲ သူ့ခမျာအားလုံးဆုံးရှုံးသွားခဲ့ရတယ်။

ဒီအကြောင်းအရာက စစ်အတွင်းမှာရှင်ကျန်ခဲ့တဲ့ အမည်မသိတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပုဒ်၊ ဒုက္ခသည်တစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ် မဟုတ်ပါဘူး။ ကျွန်မတို့ တီဗွီတွေ၊ သတင်းစာတွေထဲမှာမြင်နေရတဲ့ စုတ်တိစုတ်ပြတ်အဝတ်အစားနဲ့ ပေရေနေတဲ့မျက်နှာ၊ ကြောက်လန့်နေတဲ့ မျက်လုံးတွေရှိတဲ့ အမည်မသိတွေရဲ့ဇာတ်လမ်းလည်း မဟုတ်ပါဘူး။ တချို့စစ်ပွဲတွေထဲရောက်နေတဲ့ မျှော်လင့်ချက်တွေ၊ အိမ်မက်တွေ၊ အောင်မြင်မှုတွေ၊ မိသားစုတွေ၊ ယုံကြည်ချက်တွေ၊ တန်ဖိုးထားတာတွေမရှိတော့တဲ့ အမည်မသိတစ်ယောက်ရဲ့ဇာတ်လမ်းလည်း မဟုတ်ပါဘူး။ ဒါက ကျွန်မရဲ့ဇာတ်လမ်းပါ။ အဲ့ဒီမိန်းကလေးက ကျွန်မပါပဲ။ တခြားစစ်ပွဲထဲရောက်နေတဲ့ ကျွန်မရဲ့တခြားသောပုံရိပ်တစ်ခုပါ။ အဲ့ဒီ ဒုက္ခသည်လေးဆိုတဲ့သူကလည်း ကျွန်မပဲ။ သိတဲ့အတိုင်း ကျွန်မက အီရတ်စစ်ပွဲထဲမှာ ကြီးလာပြီးတော့ တကယ့်စစ်ပွဲတွေမှာ ဘက်နှစ်ဘက် ရှိတယ်လို့ ကျွန်မယုံကြည်ထားတယ်။ တစ်ခြမ်းက ကျွန်မတို့တွေကောင်းကောင်းမြင်ဖူးပြီးသားပါ။ ကျွန်မ မြင်ရတဲ့ဘက်တစ်ခြမ်းအကြောင်းပဲ ပြောရသေးတယ်။ မမြင်ရတဲ့ တခြားဘက်အခြမ်းမှာဆိုလည်း ကျွန်မဟာ စစ်ပွဲထဲမှာနေခဲ့ပြီး စစ်ပွဲထဲမှာတင် အဆုံးသတ်သွားတဲ့သူတွေကို မျက်မြင်တွေ့ခဲ့ရပါတယ်။

Advertisements

စစ်ရဲ့အရောင်တွေနဲ့ ကျွန်မကြီးပြင်းခဲ့ပါတယ်။ လောင်မြိုက်နေတဲ့မီးနဲ့ သွေးလို အနီရောင်တွေ၊ ပေါက်ကွဲထွက်လာတဲ့ အညိုရောင်မြေကြီးအစတွေ ၊ သေစေနိုင်တဲ့ ငွေမှင်ရောင်ဒုံးကျည်တွေ အရမ်းတောက်လွန်းတဲ့အရောင်တွေမို့လို့ ကျွန်မမျက်လုံးကိုတောင် မကာနိုင်လောက်အောင် စူးရှလွန်းအားကြီးပါတယ်။ စစ်ရဲ့အသံတွေနဲ့လည်း ကျွန်မကြီးပြင်းခဲ့တယ်။ အဆက်မပြတ်တဲ့ စက်သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ၊ ခေါင်းပေါ်မှာဝဲနေတဲ့ ရဟက်ယာဉ်အသံတွေ၊ အရေးပေါ်အချက်ပေးသံတွေ။ ဒီအသံတွေက စစ်ရဲ့အသံတွေလို့ ထင်ကောင်းထင်ကြမှာပါ။ ညအချိန် တစာစာအော်တဲ့ဌက်တွေရဲ့ သံစုံဌက်ဆိုးထိုးသံတွေ၊ ကလေးတစ်ယောက်ရဲ့ အသံကုန် အော်ဟစ်ငိုကြွေးသံတွေ၊ မိုးချိန်းသံတွေ ဒီအသံတွေ အားလုံးငြိမ်သက်သွားတဲ့အသံ။ “စစ်” ဆိုတာ “ကြားနေရတဲ့အသံတွေကိုပြောတာ မဟုတ်ဘူး။ တကယ်က တိတ်ဆိတ်သွားတဲ့အသံကိုပြောတာ။ လူလောကကြီး တိတ်ဆိတ်သွားတာကိုပြောတာ” လို့ ကျွန်မသူငယ်ချင်းက ပြောခဲ့ဖူးတယ်။

“စစ်” ဆိုတာ “ကြားနေရတဲ့အသံတွေကိုပြောတာ မဟုတ်ဘူး။ တကယ်က တိတ်ဆိတ်သွားတဲ့အသံကိုပြောတာ။ လူလောကကြီး တိတ်ဆိတ်သွားတာကိုပြောတာ”

အီရတ်က ထွက်လာပြီးတော့ ကျွန်မ Women for Women International ဆိုတဲ့အဖွဲ့ကို ထောင်ခဲ့တယ်။ စစ်အတွင်းက ရှင်ကျန်ခဲ့တဲ့အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီးဖွဲ့ထားတာပါ။ ကျွန်မ ခရီးတွေလည်း ကွန်ဂိုကနေ အာဖဂန်နစ်စတန်၊ ဆူဒန်ကနေ ရဝန်ဒါအထိ သွားခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်မလေ့လာခဲ့ရသလောက် စစ်ရဲ့အသံ၊ အရောင်က အားလုံးအတူတူပဲ ဆိုတာတင်မကပါဘူး အကြောက်တရားတွေလည်း အတူတူပါပဲ။ သိတယ်မို့လား သေရမှာကို ကြောက်တာရှိတယ်လေ။ ရုပ်ရှင်ထဲမှာ ဇာတ်လိုက်က သေရမှာကို မကြောက်ဖူးဆိုတာ ကျွန်မမယုံပါဘူး။ “ငါသေရတော့မယ်” “ဒီဗုံးပေါက်ရင် ငါသေလိမ့်မယ်” ဆိုတဲ့ ခံစားချက်က အင်မတန်မှကို ကြောက်ဖို့ကောင်းလွန်းတယ်။ နောက်ပြီး ကိုယ်ချစ်တဲ့သူတစ်ယောက်ယောက် သေဆုံးရမှာကို ကြောက်တဲ့ခံစားချက်က ပိုတောင် ဆိုးပါသေးတယ်။ နာကျင်စရာလည်း ကောင်းတယ်။ ဒီဟာကို တွေးလည်းတွေးချင်မှာ မဟုတ်ပါဘူး။ ကျွန်မအတွက်တော့ အဆိုးဆုံးကြောက်ဖို့ကောင်းတဲ့အရာက အကြောက်တရားလို့ထင်ပါတယ်။ Samia လို့ခေါ်တဲ့ ဘော့စနီးယားအမျိုးသမီးတစ်ယောက်က တစ်ခါက ကျွန်မကိုပြောခဲ့တယ်။ “ငါ့ကိုငါ ဆုံးရုံးသွားမှာကို ကြောက်တာ။ ငါ့ကိုငါ ဆုံးရှုံးမှာကို ကြောက်တာ” တဲ့။ သူက Sarajevo မှာ လေးနှစ်ကြာပိတ်မိခဲ့ပြီးမှ အသက်ရှင်ကျန်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပါ။ အီရတ်မှာနေတုန်းက အမေလည်း ဒီလိုအမြဲပြောဖူးတယ်။ အထဲမှာရော အပြင်မှာပါ သေသွားသလိုပဲတဲ့။ ပါလက်စတိုင်းအမျိုးသမီးတစ်ယောက်ကလည်း ဒီအကြောင်းပြောခဲ့ပါတယ်။ “တစ်ခါသေရမှာကို ကြောက်နေရတာမဟုတ်ဘူး” “တစ်ခါတလေ တစ်နေ့တည်းနဲ့ ၁၀ ခါလောက်သေသွားသလိုပဲ” ပြောပြီး ဒီစစ်သားတွေချီတက်လာတဲ့အသံတွေ၊ သေနတ်သံတွေကြောင့် သူအကြိမ်ကြိမ် သေမလိုဖြစ်ခဲ့ရတာကို ပြောပြခဲ့ပါတယ်။ “ဒါ မတရားဘူး။ ဘာလို့လည်းဆိုတော့ ကျွန်မတို့မှာ အသက်တစ်သက်ပဲ ရှိတာ။ တစ်ခါပဲ သေသင့်တာပေါ့” တဲ့။

“တစ်ခါသေရမှာကို ကြောက်နေရတာမဟုတ်ဘူး” “တစ်ခါတလေ တစ်နေ့တည်းနဲ့ ၁၀ ခါလောက်သေသွားသလိုပဲ” ပြောပြီး ဒီစစ်သားတွေချီတက်လာတဲ့အသံတွေ၊ သေနတ်သံတွေကြောင့် သူအကြိမ်ကြိမ် သေမလိုဖြစ်ခဲ့ရတာကို ပြောပြခဲ့ပါတယ်။ “ဒါ မတရားဘူး။ ဘာလို့လည်းဆိုတော့ ကျွန်မတို့မှာ အသက်တစ်သက်ပဲ ရှိတာ။ တစ်ခါပဲ သေသင့်တာပေါ့”

Samia
Advertisements

စစ်ရဲ့တစ်ဘက်ခြမ်းကိုပဲ ကျွန်မတို့မြင်ခဲ့ကြရတယ်။ ကျွန်မတို့တွေက တပ်ဖွဲ့ဝင်အဆင့်တွေ၊ ဆွဲချထားတဲ့ အချိန်ဇယားတွေ၊ လှိုင်းတံပိုးလို နိမ့်လိုက်မြင့်လိုက်နဲ့ စစ်ဆင်ရေးတွေအပေါ်က အဆင့်မြင့်လူအုပ်စုတစ်ခုနဲ့ပဲ ဆွေးနွေးနေကြတယ်။ အကျိုးအမြတ်ကို စားသုံးနေကြတယ်။ လူမှုခြုံလွှာက ဘယ်နေရာမှာ အပျက်စီးဆုံးဖြစ်နေလဲဆိုတာ ရှာနေရမယ့်အချိန်၊ လူမှုအသိုက်အဝန်းတွေ တည်ဆောက်ကြမလဲ၊ ရှင်သန်မလဲ၊ ခံနိုင်ရည်ရှိအောင်ပြရမလဲ၊ ဘဝကို ဆက်ရှင်သန်ဖို့ အံ့သြလောက်တဲ့သတ္တိတွေပေးရမယ့်နေရာမှာ ကျွန်မတို့တွေက နိုင်ငံရေး၊ နည်းပရိယာယ်တွေ၊ လက်နက်တွေ၊ ဒေါ်လာတွေနဲ့ သေဆုံးမှုတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ ဆွေးနွေးနေကြပြီး အကျိုးအမြတ် ယူနေကြတယ်။ ဒါကို အမြုံဘာသာစကားလို့ခေါ်တယ်။

ဒီခေါင်းစဉ်ရဲ့အကြောင်းအရာထဲမှာ လူအသေအပျောက်တွေကို ဘယ်လိုတောင် ပြီးစလွယ်လုပ်လိုက်လဲ။ ဒါက မလွဲမသွေကို ဒီမုဒိမ်းမှုတွေ၊ အသေအပျောက်တွေကို လက်ခံရမယ့် ဒီလိုနေရာပါ။ ကမ္ဘာပေါ်က ၈၀ ရာခိုင်နှုန်းသော ဒုက္ခသည်တွေက အမျိုးသမီးနဲ့ ကလေးသူငယ်တွေပါ။ ပြီးတော့ ခေတ်သစ်စစ်ပွဲတွေရဲ့ ၉၀ ရာခိုင်နှုန်းသော သေဆုံးသူတွေက အပြစ်မဲ့ပြည်သူတွေပါ။ အဲဒီထဲက ၇၅ ရာခိုင်နှုန်းက အမျိုးသမီးနဲ့ ကလေးသူငယ်တွေ။ စိတ်ဝင်စားဖို့ ကောင်းလာပြီနော်။ ရဝန်ဒါမှာ ရက် ၁၀၀ အတွင်း အမျိုးသမီးတစ်သန်းဝက် အဓမ္မကျင့်ခံနေရတယ်။ ဒါမှမဟုတ် အခုပြောနေတဲ့အချိန်မှာ ထောင်ပေါင်းများစွာသော ကွန်ဂိုအမျိုးသမီးတွေက အဓမ္မကျင့်ခံရပြီး ဖျက်စီးခံနေရတယ်။ ဒါက ကျွန်မတို့ သိသလောက် ကိန်းဂဏာန်းတွေပဲ ရှိပါသေးတယ်။ ရှေ့တန်းစစ်မြေပြင်မှာ လူမဟုတ်တဲ့မျက်လုံးတွေရဲ့ ရန်သူတွေကို စူးစိုက်ရှာဖွေနေတာ၊ မမြင်ဖူးတဲ့ တားဂတ်တွေကို ဒုံကျည်ဖူးတွေနဲ့ ချိန်နေတာတွေ တဖြည်းဖြည်းများလာတဲ့အချိန် သတင်းပြန်ကြားရေးပွဲမှာ သံစုံတီးဝိုင်းကြီးနဲ့ တစ်ဖက်မှာကျတော့ အစွန်းရောက်သမားကိုသတ်ရမယ့် ဒရုန်းက အပြစ်မဲ့ရွာသားတစ်ယောက်ကို ပစ်သွားတာမျိုး။ ဒါက စစ်တုရင်ပွဲ တစ်ပွဲလိုပါပဲ။ ဘယ်လိုဝင်ကစားရမလဲလို့ နိုင်ငံတကာဆက်ဆံရေးကျောင်းကနေ သင်လိုက်ရပြီးတော့ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့် ခေါင်းဆောင်ပိုင်းတွေအထိ တက်သွားတာ။ ဒါပဲလေ Checkmate ။

ကျွန်မတို့တွေက ဒီလိုနဲ့စစ်ရဲ့အခြားတစ်ဘက်ခြမ်းကို မမြင်တော့ဘူး။ ကျွန်မအမေရဲ့ဇာတ်လမ်းကို မမြင်တော့ဘူး။ အရေးပေါ်အသံတိုင်း၊ စီးနင်းမှုတိုင်း၊ လျှပ်စစ်မီးပြတ်တောက်သွားတိုင်း အမေက အစ်ကိုတွေနဲ့ ကျွန်မကို ရုပ်သေးကပြတယ်။ ဒီပေါက်ကွဲသံတွေကို မကြောက်အောင်လို့ သူလုပ်ပေးတာ။ ကျွန်မတို့ Fareeda ဆိုတဲ့အမျိုးသမီးအကြောင်း မမြင်တော့ဘူး။ ဂီတဆရာမလေးဖြစ်တဲ့သူက Sarajevo မှာ ပီယာနိုဆရာမလေးပေါ့။ မြို့ကို ဝန်းရံပိတ်ဆို့ခံရတဲ့ လေးနှစ်တာကာလလုံး နေ့တိုင်းမပျက်မကွက် သူကျောင်းကိုသွားတယ်။ ကျောင်းနဲ့သူ့ကို စနိုက်ပါသမားတွေ ပစ်နေတဲ့အချိန်တောင်မှ သူလမ်းလျှောက်သွားတုန်းပဲ။ ပီယာနိုနဲ့ တယော၊ ဆယ်လိုကို စစ်ပွဲဖြစ်နေတဲ့အချိန် သူအမြဲတီးတယ်။ ကျောင်းသားတွေက ဦးထုပ်တွေ၊ လက်အိတ်တွေ ၊ ကုတ်အင်္ကျီတွေဝတ်ပြီး နားထောင်ကြတယ်။ ဒါက သူတိုက်ခိုက်တဲ့ပုံစံပဲ။ သူ့ရဲ့ခုခံမှုဆိုလည်း ဟုတ်ပါတယ်။ ပြီးတော့ ကျွန်မတို့တွေ ဂါဇာမှာနေတဲ့ ပါလက်စတိုင်းအမျိုးသမီး Nehia ရဲ့အကြောင်းကို မမြင်တော့ဘူး။ သူက ပြီးခဲ့တဲ့နှစ်စစ်ပွဲမှာ အပစ်အခတ်ရပ်တဲ့အချိန်ရှိတုန်း အိမ်အပြင်ထွက်ပြီး ဂျုံတွေရှာတယ်၊ ရတဲ့ဂျုံတွေနဲ့ ပေါင်မုန့်တွေ ဖုတ်ပြီး အိမ်နီးနားချင်းတွေကို ဝေဌပေးခဲ့တယ်။ တကယ်လို့သာ အပစ်အခတ်ရပ်စဲတာမရှိရင် ဘယ်လိုလုပ်မလဲ။ Violet ရဲ့ ဇာတ်လမ်းကိုလည်း ကျွန်မတို့ မေ့နေကြတယ်။ သူဆိုလည်း ဘာသာရေးကြောင့် အစုလိုက်အပြုံလိုက်အသက်ခံရတဲ့ အလောင်းတွေကို ရှာပြီးမြုပ်နှံပေးတယ်။ အိမ်တွေကို သန့်ရှင်းပေးတယ်။ လမ်းတွေကို ပြန်သန့်ရှင်းပေးတဲ့ အမျိုးသမီးလေးပေါ့။ ကျွန်မတို့တွေက စစ်ပွဲတွေရဲ့အလယ်မှာ ရှင်သန်နေကြတဲ့ အမျိုးသမီးတွေအကြောင်းကို မေ့နေကြတယ်။ ရှင်တို့သိကြလား စစ်ပွဲကိုချစ်တဲ့သူတွေက ကျောင်းတွေသွားတယ်၊ အလုပ်တွေသွားတယ်၊ ဆေးရုံသွားတယ်၊ ကွာရှင်းကြတယ်၊ ကကြတယ်၊ ကစားကြတယ် အဲ့လိုနည်းတွေနဲ့ ဘဝကိုရှေ့ဆက်ကြတယ်။ ကျန်ခဲ့တဲ့လူတွေ တစ်နည်းအားဖြင့် အမျိုးသမီးတွေကပဲ ဘဝကိုစောင့်ရှောက်သွားကြတယ်။

မြို့ကို ဝန်းရံပိတ်ဆို့ခံရတဲ့ လေးနှစ်တာကာလလုံး နေ့တိုင်းမပျက်မကွက် သူကျောင်းကိုသွားတယ်။ ကျောင်းနဲ့သူ့ကို စနိုက်ပါသမားတွေ ပစ်နေတဲ့အချိန်တောင်မှ သူလမ်းလျှောက်သွားတုန်းပဲ။ ပီယာနိုနဲ့ တယော၊ ဆယ်လိုကို စစ်ပွဲဖြစ်နေတဲ့အချိန် သူအမြဲတီးတယ်။

Fareeda

စစ်မှာ မျက်နှာစာနှစ်ခုရှိတယ်။ တစ်ခုက တိုက်ခိုက်တဲ့အခြမ်းဆိုရင် နောက်တစ်ခုက ကျောင်းတွေ၊ စက်ရုံတွေ၊ ဆေးရုံတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့အပိုင်းပေါ့။ တိုက်ပွဲမှာအနိုင်ရဖို့ တိုက်ခိုက်နေတဲ့မျက်နှာစာရှိတယ်ဆိုရင် ဘဝမှာအနိုင်ရဖို့ တိုက်ခိုက်နေတဲ့ ဘက်အခြမ်းလည်း ရှိပါတယ်။ ရှေ့တန်းမှာဆွေးနွေးတဲ့ဘက်ရှိသလို နောက်တန်းကနေ ဆွေးနွေးနေတဲ့သူတွေလည်း ရှိပါတယ်။ ငြိမ်းချမ်းရေးက တိုက်ပွဲရဲ့အဆုံးသတ်ဆိုတဲ့ အဖြေဆိုရင် ငြိမ်းချမ်းရေးက ကျောင်းတွေ၊ အလုပ်တွေရဖို့ အဖြေပါပဲ။ အမျိုးသားတွေ ဦးဆောင်နေတဲ့ဘက်အခြမ်းရှိသလို အမျိုးသမီးတွေ ဦးဆောင်နေတဲ့ဘက်အခြမ်းလည်းရှိတယ်။ ငြိမ်းချမ်းရေးဆက်လက်တည်မြဲနေဖို့ စစ်ကိုရော၊ ငြိမ်းချမ်းရေးကိုရော မျက်နှာစာနှစ်ခုလုံးကနေ ကောင်းကောင်းနားလည်နေဖို့လိုပါတယ်။ သူ့ရဲ့အဓိပ္ပာယ်ကို ပြည့်ပြည့်စုံစုံ နားလည်ရပါမယ်။

ငြိမ်းချမ်းရေးရဲ့အဓိပ္ပာယ်ကို နားလည်မှ၊ ဆူဒန်အမျိုးသမီးတစ်ဦးပြောဖူးသလို “ငြိမ်းချမ်းရေးဆိုတာ ကျွန်မခြေသည်းတွေ ပြန်ရှည်လာရခြင်းရဲ့ အကြောင်းရင်းပဲ” တဲ့။ သူက တောင်ဆူဒန်မှာ ကြီးပြင်းခဲ့ပြီးတော့ လူပေါင်း တစ်သန်းသေဆုံးပြီး ဒုက္ခသည် ငါးသန်းပေါ်လာခဲ့တဲ့ အနှစ် ၂၀ ကြာ စစ်ပွဲထဲမှာ နေခဲ့ရပါတယ်။ အဲ့ဒီမှာ အမျိုးသမီးတွေအများကြီးဟာ သူပုန်တွေ၊ စစ်သားတွေရဲ့ လိင်ကျွန်အဖြစ် အတင်းအဓမ္မခေါ်ဆောင်ခံခဲ့ရတယ်။ စစ်သားတွေအတွက် လက်နက်ခဲယမ်းနဲ့ အစားအစာတွေသယ်ဖို့ သူတို့ကို အတင်းအကျပ် ခိုင်းစေတာလည်း ခံခဲ့ရတယ်။ အနှစ် ၂၀ လုံး လမ်းတွေလျှောက်ခဲ့ရလို့ သူထပ်ပြီး ပေါ်တာအဆွဲမခံနိုင်တော့ပါဘူး။ ငြိမ်းချမ်းရေးရှိမှ သူ့ရဲ့ခြေသည်းတွေ ပြန်ရှည်လာနိုင်တော့မှာမို့ပါ။ ခြေသည်းတစ်ခုရဲ့ရှု့ထောင့်ကို ငြိမ်းချမ်းရေးနဲ့အဓိပ္ပာယ်ကို ကျွန်မတို့ နားလည်ဖို့လိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ စစ်ပွဲရပ်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးတဲ့အခါ အမျိုးသမီးတွေမပါဘဲ မလုပ်နိုင်ဘူးဆိုတာ နားလည်ရပါမယ်။ စစ်ပွဲထဲမှာ မတိုက်ခိုက်ဘဲ၊ မသတ်ဖြတ်ဘဲ၊ မလုယက်ဘဲ၊ မီးမရှို့ဘဲ၊ မဒိန်းကျင့်ဘဲ အခွင့်ထူးခံမဟုတ်ဘဲရှိနေတဲ့ အံ့သြသင့်စရာကောင်းတဲ့ အုပ်စုတစ်စုရှိပါတယ်။ အဲ့ဒီလူတွေကို စစ်ပွဲရဲ့အလယ်မှာ ဘဝကိုဆက်လက်ရှင်သန်ဖို့ ကြိုးစားနေတဲ့သူတွေကို ဆွေးနွေးပွဲတွေမှာ မထည့်ကြဘူး။ အမျိုးသမီးတွေကို ဆွေးနွေးပွဲနောက်တန်းကနေပဲ ဦးဆောင်ခွင့်ပေးတာကို ကျွန်မစောဒကတက်ချင်ပါတယ်။ ပြီးတော့ အဲ့ဒီဆွေးနွေးပွဲမှာ အမျိုးသားတွေကို ဖယ်ထုတ်တာကလည်း အဆင်မပြေပါဘူး။ တိုက်ခိုက်တာကို အားမပေးတဲ့ဆရာဝန်တွေ၊ သေနတ်ကိုရွေးချယ်ဖို့ ငြင်းဆန်ခဲ့တဲ့ အနုပညာရှင်တွေ၊ ကျောင်းသားတွေ ဒီလူတွေကလည်း ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ဖယ်ထုတ်ခံနေရပါတယ်။ ငြိမ်းချမ်းရေးဘယ်လောက်ကြာနိုင်မလဲ၊ ဒီမိုကရေစီဘယ်လိုထူထောင်မလဲ၊ ရေရှည်တည်တံ့တဲ့ စီးပွားရေးအကြောင်း ၊ တည်ငြိမ်အေးချမ်းမှုအကြောင်းကို အမျိုးသမီးတွေမပါဘဲ ပြောဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ တစ်ယောက်တည်း ပါဖို့ပြောတာမဟုတ်ဘူးနော် ၅၀ ရာခိုင်နှုန်းပါခွင့်ရ ရမှာပါ။

အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေအတွက် ရင်းနှီးမြုပ်နှံမှုမရှိဘဲနဲ့ တည်ငြိမ်အေးချမ်းမှုအကြောင်း ပြောဖို့မဖြစ်နိုင်ပါဘူး။ ကမ္ဘာတစ်ဝှမ်း တစ်နှစ်တာ စစ်အသုံးစရိတ်က အမျိုးသမီးတွေအတွက် ကုလရဲ့အသုံးစရိတ် ၂၉၂၈ နှစ်စာနဲ့ညီမျှတယ်ဆိုတာ ရှင်တို့သိပါသလား။ တကယ်လို့သာ ဒီအသုံးစရိတ်တွေကို ပြောင်းပြန်လှန်နိုင်ရင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ရေရှည်ထိန်းထားနိုင်ကောင်း နိုင်ပါလိမ့်မယ်။ နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးတွေအတွက် ရင်းနှီးမြုပ်နှံမှု လိုနေပြီဆိုတာပါပဲ။ ဒါက ကျွန်မတို့ လုပ်ရမယ့်အရာ တစ်ခုတင်မကပါဘူး ယနေ့ငြိမ်းချမ်းရေး ရေရှည်တည်တံ့ဖို့ တည်ဆောက်ရမယ့်အရာလည်း ဟုတ်ပါတယ်။ အနာဂတ်အတွက်ဆိုလည်း ဟုတ်ပါတယ်။

“ဒါပေမဲ့လေ ကျွန်မဘာကို စိတ်အပူဆုံးလဲဆိုတော့ ကျွန်မကလေးတွေက သူတို့ရဲ့နှလုံးထဲကနေ ရွံ့မုန်းနေမှာကို စိတ်အပူဆုံးပဲ။ သူတို့ကြီးလာတဲ့အခါ သူတို့အဖေကို သတ်သွားတဲ့လူသတ်သမားတွေ၊ သူတို့အစ်ကိုကို သတ်သွားတဲ့ လူသတ်သမားတွေကို ပြန်လုပ်ကြမှာကို စိတ်ပူတယ်”

ကွန်ဂိုအမျိုးသမီးတစ်ယောက်က ကျွန်မကိုပြောပြခဲ့တယ်။ သူ့ကလေးတွေက သူတို့ရှေ့မှာတင်သူတို့အဖေကို သတ်သွားတာ၊ သူတို့အမေကို သူတို့မျက်စိရှေ့တင် အတင်းအဓမ္မပြုကျင့်ပြီး ဖျက်စီးသွားတာ၊ အသက် ၉ နှစ်ပဲရှိသေးတဲ့ သူတို့အစ်ကိုဝမ်းကွဲကို မျက်စိရှေ့တင် သတ်သွားတာ သူတို့မြင်ခဲ့ရတော့ အခုဘယ်လိုအဆင်ပြေတော့မလဲ။ ဒီအမျိုးသမီးက Women for Women International နဲ့ပူးပေါင်းခဲ့ပါတယ်။ ကျွန်မတို့ရဲ့ အကူအညီတွေရရှိခဲ့ပြီး ဒေါ်လာ ၄၅၀ လစာရပါတယ်။ နေဖို့စားဖို့ အဆင်ပြေသွားတဲ့အတွက် သူ့ကလေးတွေကို ကျောင်းပို့တယ်။ အိမ်အသစ်ဝယ်တယ်။ သူက “ဒါပေမဲ့လေ ကျွန်မဘာကို စိတ်အပူဆုံးလဲဆိုတော့ ကျွန်မကလေးတွေက သူတို့ရဲ့နှလုံးထဲကနေ ရွံ့မုန်းနေမှာကို စိတ်အပူဆုံးပဲ။ သူတို့ကြီးလာတဲ့အခါ သူတို့အဖေကို သတ်သွားတဲ့လူသတ်သမားတွေ၊ သူတို့အစ်ကိုကို သတ်သွားတဲ့ လူသတ်သမားတွေကို ပြန်လုပ်ကြမှာကို စိတ်ပူတယ်” တဲ့။ ဒါကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေအတွက် ရင်းနှီးမြုပ်နှံတာဟာ နောင်မှာ စစ်ပွဲတွေထပ်မဖြစ်ဖို့ သေချာတဲ့ တစ်ခုတည်းသောအခွင့်အရေး ဆိုတာပါပဲ။ အမေတစ်ယောက်က သူ့ကလေးတွေကို နှစ်သိမ့်ပေးတဲ့နေရာမှာ ငြိမ်းချမ်းရေး သဘောတူညီချက်တွေထက်တောင် ပိုလုပ်နိုင်တယ်။

ဒါဆို သတင်းကောင်းတွေများရှိလား။ သတင်းကောင်းတွေ ရှိတာပေါ့။ နေ့တိုင်း တစ်ရက်မှ မပျက်မကွက်ဘဲ သီချင်းတွေဆိုတယ်၊ ကနေတဲ့ အမျိုးသမီးတွေ၊ ဒီအမျိုးသမီးတွေနဲ့သာစနိုင်ရင် ၊ သူတို့သာလုပ်နိုင်ရင် ကျွန်မတို့လည်း လိုက်မကနိုင်ဘဲ နေနိုင်မလား။ ကျွန်မပြောဖူးတဲ့ အဲ့ဒီမိန်းကလေးက Women for Women International နဲ့အတူတွဲပြီး အလုပ်လုပ်ခဲ့တာ လူပေါင်း ၁ သန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါ ကျွန်မတို့တွေ သုံးညကနေစခဲ့တာ၊ ဘာမှမရှိတာကနေ စခဲ့တာပါ။

အခြေအနေအကြောင်းကြောင်းကြောင့် သူတို့ရဲ့ခြေထောက်ပေါ် သူတို့ရပ်တည်သွားခဲ့တဲ့ အမျိုးသမီးတွေ ရှိပါတယ်။ ဒါတွေဖြစ်လာကြောင့် ရပ်တည်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်ပါ ကမ္ဘာကြီးက ပိုကောင်းတဲ့နေရာဖြစ်လာရင်၊ ကမ္ဘာကြီးပြောင်းလဲသွားရင် ကျွန်မတို့တွေမှာ တူညီတဲ့ အကျိုးခံစားခွင့်ရမယ်။ သာတူညီမျှဖြစ်လာမယ်။ ကိုယ်စားပြုနိုင်လာမယ်။ စစ်ကို နားလည်လာမယ်။ ဆွေးနွေးပွဲတွေ ရှေ့တန်းကပဲဖြစ်ဖြစ်၊ နောက်တန်းကပဲဖြစ်ဖြစ် ဘာဆွေးနွေးပွဲမဆို နှစ်ဘက်လုံးကို နားလည်လာမယ်။

အစ္စလာမ်မစ်ကဗျာတစ်ပုဒ်ကို ဆရာ Rumi ရေးခဲ့ဖူးတယ်။
“အမှန်နဲ့ အမှားကမ္ဘာတွေရဲ့အလွန်မှာ
ကွင်းပြင်လေးတစ်ခုရှိတယ်
ငါတို့ အဲ့မှာတွေ့ကြရအောင်
စိတ်ဝိညာဉ်တွေ မြက်ခင်းမှာလဲလျောင်းတဲ့အခါ
ကမ္ဘာကြီးက ပြောစရာတွေအပြည့်နဲ့
အတွေးအမြင်တွေ၊ ဘာသာစကားတွေ
‘ငါတို့’ ဆိုတဲ့စာစုလေးကတောင် ကိစ္စမရှိတော့ဘူး”

ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ စစ်နဲ့ ငြိမ်းချမ်းရေးကမ္ဘာတွေရဲ့အလွန်မှာ ကွင်းပြင်လေးတစ်ခုရှိပါတယ်။ အမျိုးသမီးတွေ၊ အမျိုးသားတွေ တွေ့ကြတဲ့နေရာလေးပေါ့။ အဲ့ဒီကွင်းပြင်ကို ပိုပြီးကျယ်ဝန်းလာအောင် ကျွန်မတို့ကြိုးစားကြရအောင်။ အဲ့ဒီကွင်းပြင်လေးမှာ အားလုံးဆုံကြရအောင်…။

ကျေးဇူးတင်ပါတယ်။

*** We don’t allow to repost and publish without the Scholarship Announcements permission.

Leave a comment